တိုကျို ဇန်နဝါရီ ၆
ဂျပန်ဝန်ကြီးချုပ် ကီရှီဒါသည် လာမည့် သီတင်းပတ်တွင် ပြင်သစ်၊ အီတလီ၊ ဗြိတိန်၊ ကနေဒါနှင့် အမေရိကန် နိုင်ငံများသို့ သွားရောက်မည်ဖြစ်ပြီး ဟီရိုရှီးမားမြို့၌ ပြုလုပ်မည့် ထိပ်သီး အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး အတွက် အဆိုပါနိုင်ငံများ၏ ပူးပေါင်း ဆောင်ရွက်မှုကိုရရှိရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံသည် စက်မှုထိပ်သီး ခုနစ်နိုင်ငံ(ဂျီ ၇)၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်သည်။
ဂျပန်ဝန်ကြီးချုပ်ကီရှီဒါသည် အဆိုပါ နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံရန် ဇန်နဝါရီ ၉ ရက်တွင် ၎င်း၏ခရီးစဉ်ကို စတင်မည်ဖြစ်ကြောင်း ယမန်နေ့သတင်း စာရှင်းလင်းပွဲ၌ ပြောကြားသည်။
ရုရှား-ယူကရိန်းအရေး၊ စားနပ်ရိက္ခာ အကျပ်အတည်း၊ နျူကလီးယားလက်နက် ဖျက်သိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု အပါအဝင် ကမ္ဘာ့နိုင်ငံများ ရင်ဆိုင်နေရ သည့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်း ရာတွင် ဂျပန်နိုင်ငံက ဦးဆောင်မှုအခန်း ကဏ္ဍ၌ ပါဝင်မည်ဖြစ်ကြောင်း ဝန်ကြီး ချုပ်ကီရှီဒါ က မျှော်လင့်ထားဖွယ်ရှိသည်။
အဆိုပါ ကိစ္စရပ်များကို ကိုင်တွယ် ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် နိုင်ငံ့ခေါင်းဆောင်များကို လည်း ၎င်းက တောင်းဆိုဖွယ်ရှိသည်။
ဝန်ကြီးချုပ်ကီရှီဒါသည် ဇန်နဝါရီ ၁၃ ရက်တွင် ဝါရှင်တန်မြို့၌ အမေရိကန် သမ္မတဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံရန် စီစဉ် ထားကြောင်းလည်း သိရသည်။
အဆိုပါအစည်းအဝေးပွဲတွင် ဂျပန်နိုင်ငံ ၌ကျင်းပမည့် ဂျီ ၇ ထိပ်သီးအစည်းအဝေး အတွက် ညှိနှိုင်းဆောင်ရွက်မှုအပါအဝင် အခြားနှစ်နိုင်ငံရေးရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးသွားမည်ဖြစ် ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။
ဂျပန်နှင့် အမေရိကန်နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မာအောင် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းနှင့် ဂျပန် နိုင်ငံအစိုးရ၏ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ဆောင်ရွက်မည့် အစီအစဉ်ကို အကြမ်းဖျင်း ဖော်ပြရန်ရှိကြောင်း ဝန်ကြီးချုပ် ကီရှီဒါက ဆိုသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်