မိုးနဲ ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်းမှ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု (Losses)များ လျှော့ချနိုင်ရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှုများ မရှိစေရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းကစတင်ကာ မြို့နယ်လျှပ်စစ်မှူးဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းခြင်းနှင့် မီတာစစ်ဆေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်မှူး ဦးသိန်းသန်းစိုးနှင့်ဝန်ထမ်းများက လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု (Losses)များ လျော့ချနိုင်ရေးအတွက် ၁၁ ကေဗီ နာခံကျေးရွာ ဖီဒါအတွင်းရှိ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ကိုင်း၊သစ်ခက်များ ခုတ်ထွင်ရှင်းလင်းခြင်း နှင့် တရားမဝင်ဓာတ်အားသုံးစွဲမှု မရှိစေရေးအတွက် ရပ်ကွက်နှင့် ကျေးရွာများတွင် တပ်ဆင်အသုံးပြုလျက်ရှိသော မီတာများ ရပ်/ပျက်/နှေး ဖြစ်ပေါ်မှု ရှိ/မရှိစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပြီး ယင်းသို့ဆောင်ရွက်မှုများကို လစဉ်သတ်မှတ်ရက်များအလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
မြို့နယ်လျှပ်စစ်ရုံးမှ မြို့နယ်အတွင်းရှိ ဓာတ်အားသုံးစွဲသူများ လျှပ်စစ်ဓာတ်အားပြည့်ဝပြီး စဉ်ဆက်မပြတ် ရရှိအသုံးပြုနိုင်ရေးနှင့် လျှပ်စစ်မီးမရရှိသည့် ကျေးရွာများ လျှပ်စစ်မီးရရှိစေရန် ဓာတ်အားလိုင်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် လျှပ်စစ်ဓာတ်အားကြွေးကျန် မရှိစေရေးနှင့် ဝင်ငွေတိုးတက်ရရှိစေရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)