သထုံ ဇန်နဝါရီ ၆
မွန်ပြည်နယ် သထုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တံတားဦးကျေးရွာ အုပ်စု၊ ဒင်္ဂါးဆိပ်ကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မွန်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဦးအောင်ဝေထွန်း၊ သထုံခရိုင် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သီတာဝင်းစံ၊ သထုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်သွယ်ဦးနှင့် တာဝန်ခံအင်ဂျင်နီယာ ဝန်ထမ်းများသည် ကျေးရွာကုန်ထုတ်လမ်းကော်မတီဝင်များနှင့်အတူ ဒင်္ဂါးဆိပ်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း အရှည် ပေ ၉၃၀၀၊ အကျယ် ၁၆ပေ၊ ထု ၂ ပေ ၉ လက်မရှိ ကျောက်ရောမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူးက တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။
ဒင်္ဂါးဆိပ်ကျေးရွာတွင် အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းကို ပြည် ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် သိန်း (၈၃၀)ဖြင့် တင်ဒါအောင်မြင်သည့် ရတနာဌေးကြွယ်ကုမ္ပဏီမှ ဇူလိုင်လပထမအပတ်က စတင် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယခုအခါလုပ်ငန်းများအာလုံး ၅၀ ရာခိုင်နူန်းခန့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း၊ လုပ်ငန်းများ ရာနူန်းပြည့် ဆောင်ရွက်ပြီးစီးပါက အဆိုပါကျေးရွာရှိ လယ်ယာဧက (၂၄၀၀) မှ ထွက်ရှိသည့် လယ်ယာထုတ် ကုန်၊ထွက်ကုန်များ စျေးကွက်အတွင်းသို့ ကုန် ကျစရိတ်သက်သာစွာဖြင့်သယ်ယူပို့ဆောင် နိုင်မည်ဖြစ်ကြောင်း သထုံခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သီတာဝင်းစံထံမှ သိရသည်။
မောင်ခိုင်