ရန်ကုန် ဇန်နဝါရီ ၆
အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၁၀၀) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ ရတနာ သိင်္ဃခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ အမြဲတမ်းအတွင်းဝန်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ပါမောက္ခချုပ်နှင့် ဒုတိယ ပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ တက္ကသိုလ်သင်ကြားရေး/ စီမံဌာနများမှ ပါမောက္ခဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်းက သင်တန်း၌ ပြင်ပကျွမ်းကျင် ပညာရှင်များက ဆရာ၊ဆရာမများ သိသင့်သိထိုက်သည့် သက်ဆိုင်ရာ ပညာရပ်များကို ၎င်းတို့၏ အတွေ့အကြုံနှင့်ယှဉ်၍ ဆွေးနွေးပို့ချပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများက စိတ်ဝင်တစား လေ့လာသင်ယူခဲ့ကြသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းထူးချွန်ဆု ရရှိသူများအား ဆုများချီးမြှင့်ခဲ့ပြီး သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့သည်။
အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၁၀၀)သို့ သင်တန်းသား (၅၀)၊ သင်တန်းသူ(၄၄၄)ဦး၊ စုစုပေါင်း(၄၉၄)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၆ ရက်အထိ ရက်သတ္တ(၅)ပတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၇ နာရီက စာရေးဝန်ထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၀၂) သင်တန်း ဆင်းပွဲအခမ်းအနားကို နိုင်ငံ့၀န်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) စစ်ရေးပြကွင်း၌ ကျင်းပခဲ့ရာ ပါမောက္ခချုပ် ဦးဇော်ဇော်က သင်တန်းသားစံပြဆုနှင့် သင်တန်းသူစံပြဆု၊ သင်တန်းသား၊ သင်တန်းသူ ပထမဆု၊ ဒုတိယဆု၊ သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆု ရရှိသူများနှင့် သင်တန်းဆင်းအောင်လက်မှတ်များကို ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်း အမှာစကားပြောကြားသည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူး/ ပါမောက္ခများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား (၁၉၂)ဦး၊ သင်တန်းသူ(၂၈၀)ဦး စုစုပေါင်း (၄၇၂)ဦးတို့ တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ ၂၀၂၂ခုနှစ် အောက်တိုဘာ ၃၁ ရက် မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၆ ရက်အထိ ရက်သတ္တ(၁၀)ပတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်