နေပြည်တော်  ဇန်နဝါရီ  ၆

တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး (အရာထမ်း) သင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)မှ သင်တန်းသား၊ သင်တန်းသူများက  Online စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး (အရာထမ်း) သင်တန်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံ့ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ လူ့စွမ်းအားအရင်း အမြစ်များ လေ့ကျင့်ပျိုးထောင်ပေးရေးတို့ အတွက် ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့် “Never too late to learn” ဆိုသည့်စကားအတိုင်း စဉ်ဆက်မပြတ် ဆက်လက်လေ့လာဆည်းပူးကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ လက်တွေ့လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာန၏ အောင်မြင်မှုကို  အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် အရည် အချင်းရှိရန်လိုအပ်ပြီး ကြိုးစားလျှင်ကြိုးစားသကဲ့သို့ အခွင့်အရေးရရှိမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်ညွှန်ကြားချက်များကိုလည်း သိရှိရန် လိုအပ်သကဲ့သို့ လိုက်နာဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စေတနာထား ဆောင်ရွက်ရန်ကြလိုအပ်ပါကြောင်း၊ မိမိတို့ဌာနသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဖြစ်သဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ရာ သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသား (၁) ဦးနှင့် သင်တန်းသူ (၂) ဦးတို့က လက်ခံရယူခဲ့ကြသည်။
 
ယခုဖွင့်လှစ်ခဲ့သည့် သင်တန်းသို့ သင်တန်းသား သင်တန်းသူ (၃၂) ဦး တက်ရောက်ခဲ့ ကြပြီး သင်တန်းကာလမှာ (၁)လ ကြာမြင့်ခဲ့ကြောင်း  သိရသည်။

သတင်းစဉ်