ရန်ကုန်၊ ဇန်နဝါရီ ၈
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကျင်းပပြီးစီးခဲ့သော (၁၀၄) ကြိမ်မြောက် စေတိယင်္ဂဏ စာလျှောက်မေးပွဲ၌ အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် သံဃာတော် (၁၅) ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်း ပူဇော်သည့် စာအောင်ဆုနှင်းသဘင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင်မြောက်ဘက် ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ သြဝါဒါ စရိယ ဆရာတော်ကြီးများ၊ စေတိယင်္ဂဏနာယက ဆရာတော်များ၊ ပင့်သံဃာတော်များ၊ စာအောင်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ တက်ရောက် ကြည်ညိုပူဇော်ကြသည်။
ဦးစွာ စာအောင်သံဃာတော်များ၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စ အသင်းအဖွဲ့များနှင့် ဝန်ထမ်းများက စေတီတော်မြတ်ကြီးအား ရင်ပြင်တော်တစ်ပတ် လှည့်လည်ပူဇော်ကြသည်။
ထို့နောက် အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ တိလော ကာဘိဝံသထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးအေးထွန်းက စာအောင် ဆုနှင်းသဘင် အခမ်းအနားကျင်းပခြင်းနှင့် သာသနာရေးဆိုင်ရာများကို တင်ပြလျှောက်ထားသည်။
ထို့နောက် ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များက (၁၀၄) ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိ ဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကြီးတွင် အောင်မြင်တော်မူခဲ့သည့် သီးခြားစာချတန်းအောင် သံဃာတော် (၄) ပါးနှင့် သီးခြားစာသင်တန်းအောင် သံဃာတော် (၁၁) ပါးတို့အား ဘွဲ့တံဆိပ်အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ သြဝါဒါစရိယ ဆရာတော်ကြီးများ၊ စေတိယင်္ဂဏ နာယကဆရာတော်များ၊ ပင့်သံဃာတော်များနှင့် စာအောင်သံဃာတော်များအား နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် တိပိဋကသြဝါဒါစရိယ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ စေတိ ယင်္ဂဏ နာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ စေတိယင်္ဂဏ ပဝရသိရီ မဟာဓမ္မဂုရု သ.စ.အ ဓမ္မာစရိယ ဝဋံသကာ ပါဠိပါရဂူ ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်) ထံမှ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရား နားကြား၍ ရေစက်သွန်းလောင်းအမျှ ပေးဝေကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် သြဝါဒါစရိယဆရာတော်ကြီးများ၊ စေတိယင်္ဂဏ နာယကဆရာတော်များ၊ ပင့်သံဃာတော်များနှင့် စာအောင်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်းနှင့် ဗုဒ္ဓမြတ်စွာ သာသနာတော်၏ အရင်းမူလ ရေသောက်မြစ်ဖြစ်သော ပရိယတ္တိသာသနာတော် စည်ပင်ပြန့်ပွား ထွန်းကား၍ ပရိယတ္တိအကျော် သံဃာတော်များ စဉ်ဆက်မပြတ် ပေါ်ပေါက်စေရန် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ကျင်းပခြင်းနှင့် စာအောင်ဆုနှင်းသဘင်ကျင်း ပပူဇော်ခြင်း အခမ်းအနားကို ရွှေတိဂုံစေတီတော်ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့က ကြီးမှူး၍ နှစ်စဉ်ကျင်းပလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်