ရန်ကုန်  ဇန်နဝါရီ ၈

 

ရန်ကုန်တိုင်းဒေသကြီးတွင် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အညီ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးနှင့် ပဲတီစိမ်းစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။

 

ဤစီမံကိန်းကို တောင်သူများအနေဖြင့် သွင်းအားစုများ ထည့်သွင်းအသုံးပြုခြင်းဖြင့် တစ်ဧကအထွက်နှုန်း ပိုမိုကောင်းမွန်လာစေရန်၊ ဈေးနှုန်းနှင့်ဈေးကွက် သေချာပြီး တောင်သူများ ဝင်ငွေပိုမိုရရှိစေခြင်းဖြင့် နိုင်ငံ့စီးပွား တိုးတက်မြင့်မားလာစေရန်၊ စီမံကိန်းတွင် ပါဝင်သော အစုအဖွဲ့အားလုံး အကျိုးအမြတ်ကိုယ်စီ ရရှိစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်လာစေရန်၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ ပြည်ပဈေးကွက်များသို့ ပိုမိုချိတ်ဆက်မှုရရှိစေရန်နှင့် စိုက်ပျိုးရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများ ပိုမိုရရှိလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။

 

၂၀၂၂-၂၀၂၃ ခုနှစ်၊ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါး စိုက်ပျိုးထုတ်လုပ်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်း မူလဧက ၄၀၀၀၀ လျာထားပြီး ဇန်နဝါရီ ၅ ရက်အထိ ကုမ္ပဏီသုံးခုနှင့် မြို့နယ်ပေါင်း ကိုးမြို့နယ်၌ ၂၈၉၉၅ ဧကတွင် တောင်သူ ၁၁၄၃ ဦးဖြင့် မြို့နယ်အဆင့် စာချုပ်များချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ပဲတီစိမ်းသီးနှံစိုက်ပျိုးမှုတွင် မူလက ဧက ၂၀၀,၀၀၀ လျာထားပြီး ကုမ္ပဏီ ၁၄ ခု၊ သမအသင်း နှစ်သင်းနှင့် မြို့နယ်ခုနှစ်ခုမှ တောင်သူ ၁၂၂၅၉ ဦးတို့ဖြင့် ဧက ၁၂၁၇၅၀ ဒသမ ၁၇ စိုက်ပျိုးရန် အဆိုပြုခဲ့ရာ ဇန်နဝါရီ ၅ ရက်အထိ ကျောက်တန်းမြို့နယ်၌ တောင်သူ ၁၄၄  ဦးဖြင့်  ၇၁၇ ဧက စိုက်ပျိုးရန် မြို့နယ်အဆင့် စာချုပ်ချုပ်ဆိုထားပြီး ကျန်စိုက်ဧကများအတွက် စာချုပ်များ ဆက်လက်ချုပ်ဆိုလျက်ရှိသည်။

 

mdn

 

နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်ဖြစ်သော နိုင်ငံ၏စီးပွားရေး အခြေအနေကောင်းများ ဖန်တီးနိုင်မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နိုင်မည် ဟူသော မူဝါဒနှင့်အညီ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရန် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေထူထောင်၍ တောင်သူတို့၏တစ်ဦးချင်း ဝင်ငွေတိုးတက်လာစေရန် ဤစီမံကိန်းကို တိုင်းနှင့်ပြည်နယ်တို့တွင် လမ်းညွှန်မှုနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။

 

“ တောင်သူတွေစိုက်ပျိုးတဲ့သီးနှံမှာ သွင်းအားစုတွေ ထည့်ဖို့အတွက် နိုင်ငံတော်က ရန်ပုံငွေ ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ သီးနှံအထွက်နှုန်း တိုးတက်မှုနဲ့ အရည်အသွေး ကောင်းမွန်မှုကို အထောက်အကူဖြစ်စေပြီး တစ်ဧကအထွက်နှုန်းလည်း မြင့်မားလာမှာပါ။ ထွက်ရှိတဲ့ သီးနှံကိုလည်း ကာလပေါက်ဈေးအတိုင်း ရရှိမှာဖြစ်တဲ့အတွက် တောင်သူတွေ ဝင်ငွေပိုမိုရရှိပြီး နိုင်ငံ့စီးပွား တိုးတက်မြင့်မားရေးကိုလည်း အထောက်အကူ ဖြစ်စေပါတယ်။ ဒီစီမံကိန်းမှာ ပါဝင်တဲ့သွင်းအားစု ကုမ္ပဏီနဲ့ တောင်သူတွေ၊ ဝယ်ယူကြိတ်ခွဲတဲ့ အစုအဖွဲ့အားလုံး အကျိုးအမြတ် ရရှိတဲ့အပြင် အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ရရှိစေပါတယ်။ ပုဂ္ဂလိက လုပ်ငန်းရှင်များလည်း ပြည်ပဈေးကွက်ကို ပိုပြီးချိတ်ဆက်ဆောင်ရွက်နိုင်တဲ့အပြင် ပူးပေါင်းဆောင်ရွက်တဲ့ အလေ့အကျင့်ကောင်းများ ရရှိမှုဟာ နိုင်ငံအတွက်လည်း အထောက်အကူ ဖြစ်စေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက ပြောသည်။

 

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေးစပါးနှင့် ပဲတီစိမ်း စိုက်ပျိုးရေးစီမံကိန်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၊ ပဲနှမ်းအသင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနှင့် သွင်းအားစုကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် နွေစပါး ၂၈၉၉၅ ဧက နှင့် ပဲတီစိမ်း ၁၂၁၇၅၀ ဒသမ ၁၇ ဧက စိုက်ပျိုးသွားမည်ဖြစ်ရာ နွေစပါးကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလဆန်းနှင့် ပဲတီစိမ်းကို နိုဝင်ဘာလမှစ၍ စိုက်ပျိုးခဲ့ပြီး တောင်သူများအတွက် သွင်းအားစုများရရှိရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လွှဲပြောင်းပေးချေသော လုပ်ငန်းစဉ်များကိုလည်း ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - ကနူး                                                                                  

ညိမ်းသူ ( သတင်းစဉ် )