မြစ်ကြီးနား၊ ဇန်နဝါရီ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်တို့သည် ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့၌ အသစ်တည်ဆောက် ဖွင့်လှစ်ပေးသွားမည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း မြေနေရာနှင့် ကွန်ပျူတာတက္ကသိုလ် မြေနေရာ လျာထားမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမင်းသိန်းဇံ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့နှင့်အတူ မော်ဖောင်းကျေးရွာ အုပ်စု ပိတောင်ကွင်းသို့ ရောက်ရှိပြီး မြစ်ကြီးနားမြို့တွင် အသစ်တည်ဆောက် ဖွင့်လှစ်ပေးသွားမည့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းမြေနေရာ၊ ကွန်ပျူတာတက္ကသိုလ် မြေနေရာနှင့် ဌာနဆိုင်ရာ လျာထား မြေနေရာများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့ပြင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့သည် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ရေကူးပြေးလမ်း (၁၀) လမ်းပါ ရေကူးကန်တည်ဆောက် ပြင်ဆင်ပြီးစီးမှု၊ ရေကူးကန်အနီး မြေကွက်လပ်တွင် ဖူဆယ် အားကစားရုံ တည်ဆောက်နေမှုနှင့် ငြိမ်းချမ်းသာယာဘောလုံးကွင်း အဆင့်မြင့်တင်ဆောင်ရွက် နိုင်ရေး အခြေအနေများကို ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များ မှာကြားသည်။
သတင်းစဉ်