ဒါကာ၊ ဇန်နဝါရီ ၉
ဆီနီဂေါနိုင်ငံ အလယ်ပိုင်း ကက်ဖရင်းဒေသ၌ ဘတ်စ်ကားနှစ်စီးတိုက်မှုဖြစ်ပွားရာ ၄၀ ထက်မနည်းသေဆုံးပြီး အခြား အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသအာဏာပိုင်များက ဇန်နဝါရီ ၈ ရက်တွင် ပြောသည်။
အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်ပွားပြီးနောက် သုံးရက်ကြာ နိုင်ငံအဆင့် ဝမ်းနည်းဖွယ်ရာအဖြစ် ဇန်နဝါရီ ၈ ရက်တွင် ဆီနီဂေါသမ္မတ မက်ကီဆောလ် က အမိန့်ထုတ်ပြန်ခဲ့သည်။ ကက်ဖရင်းဒေသတွင် ပြင်းထန်သော ယာဉ်မတော်တဆမှုဖြစ်ပွားပြီး လူပေါင်း ၄၀ အထိ သေဆုံးခဲ့သောကြောင့် ဇန်နဝါရီ ၉ ရက် မှစတင်ကာ သုံးရက်ကြာ နိုင်ငံအဆင့် ဝမ်းနည်းဖွယ်ရာနေ့အဖြစ် ထုတ်ပြန်ကြေညာရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
ထို့အပြင် လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် အများပြည်သူ ခရီးသည် ပို့ဆောင်ရေးတွင် ခိုင်မာသော အစီအမံများ ချမှတ် လုပ်ဆောင်ရန် အဆိုပါနေ့တွင် အစည်းအဝေးတစ်ရပ် ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ အဆိုပါ လူအများအပြား ထိခိုက်သေဆုံးမှု ဖြစ်ပွားသည့် ယာဉ်မတော်တဆမှုနှင့် ပတ်သက်ပြီး နောက်ထပ်သတင်း အချက်အလက်များ ဖော်ပြထားခြင်း မရှိချေ။
ဆင်ဟွာ