ဇန်နဝါရီ ၉

အီဂျစ်နိုင်ငံအထက်ပိုင်း အတ်ဆွတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ယမန်နေ့က ငါးထပ်အဆောက်အအုံ တစ်လုံးပြိုကျမှုဖြစ်ပွားခဲ့သဖြင့် လူလေးဦးထက်မနည်းသေဆုံးခဲ့သည်ဟု သိရသည်။

အဆိုပါအဆောက်အအုံပြိုကျအပျက်အစီးအောက်တွင် ပိမိနေသော အမျိုးသမီးကြီးတစ်ဦးနှင့် မိန်းကလေးတစ်ဦးအား ကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်ဆောင်ရွက်နိုင်ခဲ့ကြောင်း ထိုပြည်နယ်အုပ်ချုပ်ရေးမှူး အီဆမ်ဆတ်ဒ်က  ပြောကြားသည်။

ကယ်ဆယ်ရေးအဖွဲ့က အခြားသောပျောက်ဆုံးနေသူများအား ရှာဖွေကယ်ဆယ်မှုများလုပ်ဆောင်နေဆဲဖြစ်ကြောင်း ထပ်လောင်းပြောကြားထားသည်။

ယင်းပြိုကျမှုဖြစ်ပွားရာနေရာသို့ အရေးပေါ်ကား ၁၂ စီးနှင့် အရပ်ဘက်ကာကွယ်ရေးယာဉ် လေးစီးတို့ အမြန်သွားရောက်ကြကြောင်း ထိုအုပ်ချုပ်ရေးမှူး၏ပြောကြားချက်အရ သိရသည်။

ထိုအဆောက်အအုံပြိုကျမှုဖြစ်ပွားရသည့်အကြောင်းအရင်းအား သိရှိနိုင်ရန်နှင့် အနီးနားရှိအဆောက်အဦးများထိခိုက်မှုရှိမရှိ သိရှိနိုင်ရန် နည်းပညာဆိုင်ရာကော်မတီတစ်ရပ်ကိုဖွဲ့စည်းထားသည်ဟု သိရသည်။

အလားတူမတော်တဆမှုမျိုး ဇန်နဝါရီ ၈ ရက်က  မြောက်ပိုင်းကမ်းရိုးတန်းပြည်နယ်အလက်ဇန်ဒါးတွင် သုံးထပ်အဆောက်အအုံပြိုကျမှုဖြစ်ပွားခဲ့သဖြင့် လူငယ်နှစ်ဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို