နေပြည်တော်၊ ဇန်နဝါရီ ၉

 

အမျိုးသား မြေဥပဒေ ရေးဆွဲပြုစုရေး အထောက်အကူပြု လုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ-၁ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး ၊ ဥက္ကဋ္ဌ- ၂ ဒုတိယဝန်ကြီး ဦးထွန်းအုံတို့က အဖွင့်အမှာစကား ပြောကြားကြသည်။

 

အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဦးက လုပ်ငန်းကော်မတီက အတည်ပြုထားသည့် အခန်း / ခေါင်းစဉ်များ (ပထမမူကြမ်း) အရ စတင် ရေးဆွဲ ပြုစုနိုင်ရေးအတွက် ရေးဆွဲရေး အဖွဲ့ငယ်များ ဖွဲ့စည်းတာဝန်ပေးနိုင်ရန် ကိစ္စရပ်များ၊ လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မည့် အချိန်ကာလလျာထား သတ်မှတ်နိုင်ရန်၊ လုပ်ငန်း စီမံချက်မူကြမ်းကို ရေးဆွဲပြုစုပြီး လုပ်ငန်းကော်မတီသို့ တင်ပြပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့် အစည်းအဝေးတွင် ဆွေးနွေးရန် ကိစ္စရပ်များကို ဖတ်ကြားတင်ပြရာ အစည်းအဝေးတက် ရောက်လာကြသူများက လုပ်ငန်းအကြောင်းအရာ တစ်ခုချင်းအပေါ် ဆွေးနွေးဆောင်ရွက်ကြသည်။

 

အမျိုးသား မြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတ ဖြစ်ရေး လုပ်ငန်းကော်မတီ၏ အဓိက တာဝန်ဖြစ်သည့် ဥပဒေ ရေးဆွဲရေး လုပ်ငန်းများအား အထောက်အကူပြု ဆောင်ရွက်ပေးရန် အမျိုးသား မြေဥပဒေ ရေးဆွဲပြုစုရေး အထောက်အကူပြု လုပ်ငန်းအဖွဲ့ကို အမျိုးသား မြေအသုံးချမှုကောင်စီ၏ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ လ ၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်- ၁၉/ ၂၀၂၂ ဖြင့် ပြင်ဆင်ဖွဲ့စည်းပေးပြီး လုပ်ငန်းတာဝန် (၆) ချက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ လုပ်ငန်းအဖွဲ့အနေဖြင့် အမျိုးသား မြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်း ကော်မတီ အဖွဲ့ဝင်များက ပြန်လည်ပေးပို့လာကြသည့် သဘောထားမှတ်ချက်များ အကြံပြုချက်များကို ပြန်လည်စုစည်းစိစစ်ပြီး အမျိုးသား မြေဥပဒေ (မူကြမ်း) တွင် ပါဝင်သင့်သော အခန်း / ခေါင်းစဉ်များ (ပထမမူကြမ်း) ကို အတည်ပြု သတ်မှတ်နိုင်ရန် ၊ ဥပဒေ ရေးဆွဲနိုင်ရေး အစီအစဉ်များ အစီအမံများ စတင်ချမှတ်ခြင်းကို ယနေ့အစည်းအဝေးတွင် ဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်