“နိုင်ငံနှင့်လူမျိုးနှင့်    ပတ်သက်၍   ရှေ့လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရာတွင် မည်သည့် အခက်အခဲ၊ အကျပ်အတည်း၊ စိန်ခေါ်မှုမျိုးကိုမဆို တိုင်းရင်းသားများ၏ စစ်မှန်သော  ပြည်ထောင်စ ုစိတ်ဓာတ်ကို   အခြေခံသည့်   မျိုးချစ်စိတ်ဓာတ်နှင့်  စည်းလုံးညီညွတ်မှု အင်အားဖြင့်  အခိုင်အမာ ရင်ဆိုင်ကျော်လွှားနိုင်မည်ဟု အပြည့်အဝ ယုံကြည်ပါသည်။”

 

မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် အမျိုးသားစည်းလုံးညီညွတ်မှုကို တည်ဆောက်၍ နိုင်ငံလွတ်လပ်ရေးကို ရယူခဲ့ရသည်။ လွတ်လပ်ရေးရပြီးကာလတွင်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လွတ်လပ်ရေးအ ဓွန့်ရှည်တည်တံ့ရေးတို့အတွက် အမျိုးသားစည်းလုံးညီညွတ်မှုသည် မရှိမဖြစ်အင်အား ဖြစ်နေပြန်သည်။ သို့ဖြစ်သည့်အလျောက် ခေတ်အဆက်ဆက်တွင် နိုင်ငံ့တာဝန်ကို ထမ်းရွက်ခဲ့ကြသည့် ခေါင်းဆောင်တိုင်းက ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးသား စည်းလုံးညီညွတ်မှု တို့အတွက် အဆက်မပြတ် တိုက်တွန်း နှိုးဆော်ကြသည်ကို တွေ့ရှိနိုင်သည်။

 

ပထဝီနိုင်ငံရေးရှုထောင့်မှကြည့်ပါက မြန်မာနိုင်ငံသည် လူဦးရေ ၁ ဒသမ ၄ ဘီလီယံကျော်ရှိသော တရုတ်နိုင်ငံ၊ လူဦးရေ ၁ ဒသမ ၃၇ ဘီလီယံကျော်ရှိသော အိန္ဒိယနိုင်ငံ၊ လူဦးရေ ၁၆၅ သန်းကျော်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ အပါအဝင် နိုင်ငံငါးနိုင်ငံနှင့်ထိစပ်နေပြီး အင်ဒို- ပစိဖိတ်ဒေသတွင် အချက်အချာ ကျသည့် မြေထုနှင့် ရေထုနယ်နိမိတ်တို့ ကိုလည်း ပိုင်ဆိုင်ထားရာ မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံရေး အခြေအနေများအရဖြစ်စေ၊ မိမိနိုင်ငံ၏ အမျိုးသားအကျိုး စီးပွားအရဖြစ်စေ သာမန်ထက်ပိုသော၊ ဖြိုခွဲ၍မရသော၊ ခိုင်မြဲသော အမျိုးသားစည်းလုံးညီညွတ်မှုမှာ မရှိမဖြစ် လိုအပ်သည်။ ယင်းသို့သော စည်းလုံးညီညွတ်မှုကိုရယူပြီး နိုင်ငံ၏ နိုင်ငံရေးစွမ်းအား၊ စီးပွားရေးစွမ်းအား၊ ကာကွယ်ရေး စွမ်းအားတို့ကို တိုးတက်မြင့်မားအောင် တည်ဆောက်နိုင်ပြီဆိုလျှင် မိမိတို့နိုင်ငံသည် ကမ္ဘာ့အလယ်တွင် ဝင့်ထည်နိုင်သည့် နိုင်ငံ၊ ဩဇာတိက္ကမ ရှိသော နိုင်ငံအဖြစ်သို့ ရောက်ရှိပြီဟု ဆိုရ မည်ဖြစ်သည်။

 

မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံရေးတွင် နိုင်ငံတစ်နိုင်ငံ၏ အင်အား သို့မဟုတ် ဩဇာသည်ယင်းနိုင်ငံ၏ ပထဝီဝင်အနေအထား၊ ပိုင်နက်နယ်မြေ အရွယ်အစား၊ တည်နေရာ၊ မြေမျက်နှာသွင်ပြင်၊ သယံဇာတနှင့် ကုန်ကြမ်းထွက်ရှိမှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ စစ်ရေးအသင့်ရှိမှု၊ အမျိုးသားစရိုက်လက္ခဏာနှင့် အမျိုးသားရေးစိတ်ဓာတ်၊ နိုင်ငံရေးတည်ဆောက်မှုနှင့် ခေါင်းဆောင်မှု၊ ဝါဒရေးရာကိုင်စွဲမှု၊ လူဦးရေ၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှု၊ နည်းပညာဖွံ့ဖြိုးမှုဟူသော အချက်များဖြင့် တိုင်းတာတွက်ချက် ကြခြင်းဖြစ်ရာ မြန်မာနိုင်ငံသည် အထက်တွင်ဖော်ပြခဲ့သော အချက်အလက်များမှ အရေးပါသော အချက်အလက်များကို ပိုင်ဆိုင်ထားပြီး အချို့သော အချက်အလက်များကို ဆက်လက် တည်ဆောက်ခြင်းအားဖြင့် အင်အားတောင့်တင်းခိုင်မာသော၊ ဩဇာရှိသော နိုင်ငံ တစ်နိုင်ငံအဖြစ်ဖြင့် ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာ ရပ်တည် နိုင်မည်ဖြစ်သည်။

 

ပြည်ထောင်စုဖွား တိုင်းရင်းသားများ စုစည်းနေထိုင်သော ပြည်ထောင်စုနိုင်ငံဖြစ်သည်နှင့်အညီ စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်၊ ခိုင်မြဲသည့် စည်းလုံးညီညွတ်မှုတို့ဖြင့် သာယာဝပြောသည့် နိုင်ငံ၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံကို ဝိုင်းဝန်းတည်ဆောက်ကြရပါမည့်အကြောင်း။

 

မြန်မာ့အလင်း