ဇန်နဝါရီ ၁၀

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဉတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ယခုနှစ်အစပိုင်းမှစတင်ကာ အအေးလှိုင်းဖြစ်ပေါ်မှုကြောင့် နှလုံးသွေးကြောရုတ်တရက်ပိတ်ဆို့သဖြင့် လူ ၁၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ယမန်နေ့ကပြောကြားသည်။

အဆိုပါသေဆုံးသူများသည် ဉတ္တရာပရာဒေ့ရှ်မြို့တော် လတ်ခ်နောင်း၏အနောက်ဘက် ၈၈ ကီလိုမီတာအကွာခန့်ရှိ ခန်ပါဒေသမှဖြစ်သည်ဟု သိရသည်။

ခန်ပါနှင့်အနီးနားဒေသများတွင် အအေးလှိုင်းဖြစ်ပေါ်သဖြင့် သွေးဖိအားမြင့်တက်လာပြီး နှလုံးဖောက်ပြန်မှုကြောင့် သေဆုံးကြခြင်းဖြစ်သည်ဟု ဆရာဝန်များက ဆိုသည်။

ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှစတင်ကာ ယမန်နေ့ကအထိ နှလုံးထိခိုက်ခံစားရသည့်လူနာ ရာချီရှိကြောင်းနှင့် ဆေးရုံတက်ကုသမှုခံယူနေသည့်လူနာများရှိကြောင်း ဖော်ပြထားသည်။

ယနေ့တွင် ဆေးရုံသို့ လာရောက်ပြသသည့် လူနာ ၆၉၈ ဦးအနက် ၄၄ ဦးသည် ဆေးရုံတက်ကုသမှုခံယူရကြောင်း ထိုဆေးရုံ၏ထုတ်ပြန်ချက်အရ သိရသည်။

ငယ်ရွယ်သူများအပါအဝင် ပြည်သူများအားလုံးအနေဖြင့် အအေးလှိုင်းကိုရှောင်ရှားနိုင်ရန် မိုးလုံလေလုံခန်းများ အတွင်းနေထိုင်ကြရန်နှင့် နွေးနွေးထွေးထွေးနေထိုင်ကြရန် ကျန်းမာရေးပညာရှင်များက အကြံပြုပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို