ရန်ကုန် ဇန်နဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်စာရေးဆရာအသင်းနာယက ပန်းချီစိုးမြင့်ဒွဏ်း၏ စတုတ္ထအကြိမ် တစ်ကိုယ်တော်ပန်းချီပြပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(အမှတ်၁၅-၂၀)၊ ဂျိုးဖြူလမ်း၊ အောင်ဆန်းအားကစားကွင်းမြောက်ဘက်ရှိ OK ART GALLERY၌ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ပြသမည်ဖြစ်ကြောင်းနှင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
ပန်းချီပြပွဲ၏အမည်မှာ "တိမ်ပလီတဲ့ ပုဂံနေရီရီ" ဖြစ်ပြီး ရှေးဟောင်းသမိုင်းဝင် ပုဂံဘုရားပုထိုးများ၏ ပုံရိပ်များကို နေဝင်ဆည်းဆာအလှတရားများနှင့် တွဲဖက်ဖန်တီးရေးဆွဲထားသော ပန်းချီးကားများဖြစ်ကြောင်း သိရသည်။
အဆိုပါ ပန်းချီပြပွဲတွင် ဆီဆေးဖြင့်ရေးဆွဲထားသော ပန်းချီကားပေါင်း ၂၅ ကား ပြသမည်ဖြစ်ပြီး ပန်းချီကားအရွယ်အစားမှာ (၁၈x၂၄)လက်မ ပန်းချီကားများနှင့် (၃၆x၄၂)လက်မ ပန်းချီကားကြီးများလည်း ပါဝင်ကြောင်း သိရသည်။
ထိုပန်းချီပြပွဲရှိ ပန်းချီကားဈေးနှုန်းများမှာ ကိုဗစ်-၁၉ ရောဂါမဖြစ်မီကာလက ပန်းချီပစ္စည်းများကိုသာ အသုံးပြုခဲ့သောကြောင့် ကိုဗစ်-၁၉ ရောဂါ မဖြစ်မီကာလက ဈေးနှုန်းဖြင့်သာ ရောင်းချပေးသွားမည် ဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းနာယက ပန်းချီစိုးမြင့်ဒွဏ်းထံမှ သိရပါသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)