ဇန်နဝါရီ ၁၁
ဂျပန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ရှစ်ကြိမ်မြောက်လှိုင်းဖြစ်ပွားနေချိန် တစ်လတာကာလအတွင်း ထိုရောဂါကူးစက်ခံရပြီးနောက် သေဆုံးသူ ၁၀၀၀၀ ကျော်ရှိကြောင်း သိရသည်။
၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်အထိ နိုင်ငံအတွင်း ထိုရောဂါကူးစက်မှုကြောင့် သေဆုံးသူပေါင်း ၆၀၄၁၁ ဦးရှိရာ ဒီဇင်ဘာ ၁ ရက်မှ ဇန်နဝါရီ ၁၀ ရက်အထိ ယင်းရောဂါဖြင့်သေဆုံးမှုသည် ခြောက်ပုံတစ်ပုံရှိသည်ဟု အကြမ်ဖျင်းအားဖြင့် မှတ်ယူရသည်။
အဆိုပါရောဂါကူးစက်ခံရမှုကြောင့် အောက်တိုဘာလက ၁၈၆၄ ဦး၊ နိုဝင်ဘာလက ၂၉၈၅ ဦးနှင့် ဒီဇင်ဘာလက ၇၆၂၂ ဦးတို့ သေဆုံးခဲ့ကြသည်။
ထိုရောဂါဖြင့်သေဆုံးသူအများစုသည် အသက်အရွယ်ကြီးမားသူများဖြစ်ကြသည်။
ဒီဇင်ဘာ ၇ မှ ဇန်နဝါရီ ၃ ရက်အကြား သေဆုံးသူ ၅၈၂၅ ဦးရှိကြောင်း၊ သေဆုံးမှု၏ ၁၇ ဒသမ ၁ ရာခိုင်နှုန်းသည် အသက် ၇၀ အရွယ်များဖြစ်ကြောင်း၊ ၄၁ ဒသမ ၂ ရာခိုင်နှုန်းသည် အသက် ၈၀ အရွယ်များဖြစ်ကြောင်းနှင့် ၃၃ ဒသမ ၉ ရာခိုင်နှုန်းသည် အသက် ၉၀ အရွယ်များဖြစ်သည်ဟု သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ကျွမ်းကျင်ပညာရှင်များကသက်ကြီးစောင့်ရှောက်ရေးဂေဟာများတွင် ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့ နေသဖြင့် သေဆုံးမှုထပ်မံမြင့်တက်လာနိုင်ကြောင်း သတိပေးပြောကြားထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို