မြစ်ကြီးနား ဇန်နဝါရီ ၁၆

 

ကချင်ပြည်နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား လုပ်ငန်းခွင်အတွင်း ခေတ်မီနည်းပညာသုံး အီလက်ထရောနစ်ပစ္စည်းများကို လက်တွေ့အသုံးချနိုင်ရေးနှင့် နည်းပညာဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ပြီး ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းများအား ဖွင့်လှစ်ပို့ချပေးသည့် နည်းပညာပိုင်းဆိုင်ရာသင်တန်းကို ဇန်နဝါရီ ၁၆ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

 

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးခင်မောင်လေးက နည်းပညာပိုင်းဆိုင်ရာ သင်တန်းအမှတ်စဉ် (၁/၂၀၂၃) တွင် ဝန်ထမ်းများအား Zoom Meeting များ ပြုလုပ်ရာ၌ ကျွမ်းကျင်စွာအသုံးပြုနိုင်ရေး IT ကျွမ်းကျင်နည်းပညာရှင်များဖြင့် သင်ကြားပို့ချပေးသွားမည့် အစီအမံများကို အသေးစိတ်ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဇန်နဝါရီ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ (၄)ရက်ကြာ ဖွင့်လှစ်သွားမည့် သင်တန်းအား တက်ရောက်ကြမည့် သင်တန်းသား သင်တန်းသူ (၂၃)ဦးတို့အား သင်တန်းအထောက်အကူပြု စာရေးကိရိယာပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 

အဆိုပါသင်တန်းတွင် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြည်နယ် ကိုဗစ်-၁၉ နှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အထောက်အကူပြုအဖွဲ့များတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်း(၂၃)ဦးတို့အား Zoom Meeting ပြုလုပ်ရာတွင် အသုံးပြုသည့် Zoom Application အသုံးပြုနည်း၊ Video Conferencing အသုံးပြုနည်း၊ Record လုပ်နည်းများ၊ Email ဖြင့် ချိတ်ဆက်အသုံးပြုနည်းများကို (၄)ရက်ကြာ IT နယ်ပယ်တွင် ကျွမ်းကျင်ပညာရှင်များက စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ပြည်နယ်(ပြန်/ဆက်)