ရန်ကုန် ဇန်နဝါရီ ၁၆

 

(၅၃)ကြိမ်မြောက် အဘိဓမ္မာသင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် ရွှေတိဂုံစေတီတော် မြောက်ဖက်မုခ်အနီးရှိ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)၌ ကျင်းပသည်။

 

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း YMBA(ဗဟို)ဥက္ကဋ္ဌ ဦးရဲထွန်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးဟန်မြင့်၊ တွဲဖက်အတွင်းရေးမှူး အဘိဓမ္မာသင်တန်းမှူး ဒေါက်တာ အေးမင်းနှင့် သင်တန်းဆရာမကြီး ဒေါ်မေပုလဲ တို့က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းပို့ချမည့်အစီအစဉ်များကို ရှင်းလင်းပြောကြားကြသည်။

 

ယင်းနောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)၏ နာယက ဦးစိုးဝင်း (တက္ကသိုလ်စိုးယဉ်)က မုဒိတာစကားပြောကြားပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ သင်တန်းကိုဖွင့်လှစ်သည်။

 

မြန်မာနိုင်ငံတွင် အဘိဓမ္မာသင်တန်းကို ၁၉၆၇-ခုနှစ်ကစတင်၍ ပုစွန်တောင်မြို့နယ်၊ ရေကျော်ရပ်ကွက်ရုံးတွင် နှစ်စဉ် ဇွန်လပိုင်း၌ ဖွင့်လှစ်ခဲ့ရာ (၂)နှစ်တာရပ်နားထားခဲ့ပြီး ယနေ့တွင် (၅၃)ကြိမ်မြောက် အဖြစ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ယခုဖွင့်လှစ်သောသင်တန်းသည် နိုင်ငံတော်က ဒီဇင်ဘာလတွင်ကျင်းပမည့် အဘိဓ္ဓာစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုနိုင်ရန် တစ်ပတ်လျှင်နှစ်ရက်ဖြင့် ရှစ်လတာ သင်တန်းဆရာမ ၁၅ ဦးက သင်တန်းသား ၂၀ ကျော်ကို အလှည့်ကျ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

YMBA အသင်း(ဗဟို)အနေဖြင့် အခြေခံဗုဒ္ဓဘာသာ အဘိဓမ္မာသင်တန်းများကို အမျိုး၊ ဘာသာ၊ သာသနာအတွက် သင်ကြားပေးခြင်းဖြစ်ပြီး အမျိုးဂုဏ်ဇာတိဂုဏ်ကို ချစ်မြတ်နိုးတတ်စေရန်၊ ဘာသာစကားဖြစ်သော မြန်မာစာ၊ မြန်မာစကားကို တန်ဖိုးထားတတ်စေရန်၊ သာသနာကိုထွန်းကား ပြန့်ပွားစေရန် ဆောင်ရွက်နေသော သာသနာပြု ပုဂ္ဂိုလ်များကို အထောက်အပံ့ပြုနိုင်ရန်နှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် အနှစ်ချုပ် တရားဖြစ်သော (၃၈)ဖြာမင်္ဂလာတရားတော်များကို လူငယ်များ ယဉ်ကျေးလိမ္မာသိရှိ၍ အသိပညာတိုးပွားစေရန် စသည့်ရည်ရွယ်ချက်တို့ဖြင့် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။      

                                                     

ဓာတ်ပုံ-ကနူး(သတင်းစဉ်)