ရန်ကုန် ဇန်နဝါရီ ၁၆
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီသည် ယနေ့နံနက်ပိုင်းတွင် အလုံမြို့နယ် မင်းရဲကျော်စွာလမ်း အလုံတံတားမှ ဗဟိုလမ်းဆုံအထိ လမ်းသားတိုးချဲ့၍ ယာဉ်ရပ်နားရန် နေရာပြုလုပ်ရန် မြေပြုပြင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လမ်းတစ်လျှောက် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် လသာမြို့နယ် ၁၇ လမ်း (ကျုံးကြီး လမ်းနှင့် မဟာဗန္ဓုလလမ်းအကြား) သန့်ရှင်းသာယာသပ်ရပ်ရေး စုပေါင်းလုပ်အားပေး ဆောင်ရွက်မှု၊ ကိုဗစ်-၁၉ ရောဂါနှင့် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက် နှာခေါင်းစည်း(Mask)နှင့် ကျန်းမာရေး အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး သာကေတမြို့နယ် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာအတွင်း စိမ်းလန်းစိုပြေရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ရူခင်းသာရပ်ကွက်ရှိ အမှတ် ၇ မြစ်ထွက်ပေါက် မြေထိန်းနံရံတည်ဆောက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ ပြီးစီးအောင် ဆောင်ရွက်ရန် မှာကြား၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
(သတင်းစဉ်)