ရန်ကုန် ဇန်နဝါရီ ၁၆

 

အရာထမ်းများ လုပ်ငန်းခွင်စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲတွင် ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များ ထိရောက်အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေး အလုပ်သမားရေးရာ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရုံးလုပ်ငန်းတာဝန်များ ကျွမ်းကျင်ပိုင်နိုင်စွာ ထမ်းဆောင်နိုင်ရန်လိုကြောင်း။ 

 

နိုင်ငံတော်အစိုးရယန္တရား ကောင်းမွန်စွာလည်ပတ်နိုင်ရေး ဝန်ထမ်းများသည် ကျရာကဏ္ဍမှ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလုပ်သမား ရေးရာဥပဒေများနှင့်အညီ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်စေရန် မျှော်မှန်းဆောင်ရွက်လျက်ရှိရာ ဝန်ထမ်းများ အနေဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ဆက်ဆံရေး ကောင်းမွန်ခြင်းဖြင့် တည်ငြိမ်အေးချမ်းသည့် လုပ်ငန်းခွင်များ ဖြစ်ပေါ်စေရေး၊ အလုပ်သမား ဥပဒေပါ အကျိုးခံစားခွင့်များရရှိရေး မှန်ကန်စွာ စည်းကြပ် အကောင်အထည်ဖော်ရ မည်ဖြစ်ကြောင်း၊ ဦးစီးဌာန၊ အဖွဲ့အလိုက် “ပေါင်းစည်းဟန်ချက် စွမ်းအားတက်” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကောင်းမွန်သည့် ဝန်ဆောင်မှုများပေးရန် လိုပြီး အဆင့်အလိုက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်ဖြစ်ကြောင်း။

 

အရာထမ်းများအနေဖြင့် လုပ်ငန်းခွင်မွမ်းမံသင်တန်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် သင်တန်း များနှင့်  ပြည်ပသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများမှ ရရှိလာသည့် အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုများကို လက်တွေ့လုပ်ငန်းခွင်တွင် ထိရောက်စွာ အသုံးပြု ခြင်းအားဖြင့် နိုင်ငံတော်ကို အလုပ်အကျွေးပြုရန်လိုကြောင်း မှာကြားသည်။

 

အဆိုပါ သင်တန်းကို ရက်သတ္တပတ်လေးပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)