ဂျပန်နှင့် အိန္ဒိယနိုင်ငံတို့ တိုကျိုအနီး ၁၁ ရက်ကြာ လေကြောင်းစစ်ရေးလေ့ကျင့်မှု ပထမဆုံးအကြိမ်စတင်
တိုကျို၊ ဇန်နဝါရီ ၁၆
ဂျပန်နှင့် အိန္ဒိယနိုင်ငံတို့သည် တိုကျိုအနီး ပထမဆုံးပူးတွဲလေကြောင်းစစ်ရေး လေ့ကျင့်မှုများကို ဇန်နဝါရီ ၁၆ ရက်တွင် စတင်ခဲ့ကြောင်း၊ ၁၁ ရက်ကြာပြုလုပ်မည့် အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် ဂျပန်နိုင်ငံမှ ဂျက်တိုက်လေယာဉ်ရှစ်စင်း၊ အိန္ဒိယနိုင်ငံမှ တိုက်လေယာဉ်လေးစင်း၊ သယ်ယူပို့ဆောင်ရေး လေယာဉ်နှစ်စင်း၊ ဝေဟင်ဆီဖြည့် လေယာဉ်တစ်စင်းတို့ ပါဝင်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။
တိုကျိုအရှေ့မြောက်ဘက် အီဗရာကီဒေသရှိ ယာကူရီ လေတပ်အခြေစိုက်စခန်း၌ ကျင်းပသွားမည်ဖြစ်ပြီး အိန္ဒိယလေတပ်မှ ဝန်ထမ်း ၁၅၀ ဝန်းကျင်ခန့် ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်ဆောင်ရန် ၂၀၁၉ ခုနှစ်က ဂျပန်နှင့် အိန္ဒိယတို့၏ ကာကွယ်ရေး နှင့် နိုင်ငံခြားရေးဝန်ကြီးတို့ကြား သဘောတူညီထား ခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားသည့် အတွက် နှောင့်နှေးကြန့်ကြာခဲ့ရသည်။
ဂျပန်နှင့် အိန္ဒိယနိုင်ငံတို့သည် ဩစတြေးလျ၊ အမေရိကန်နိုင်ငံတို့နှင့်အတူ Quad အဖွဲ့ဝင်နိုင်ငံများလည်းဖြစ်သည်။ ဒီဇင်ဘာလတွင် ဂျပန် ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါသည် ၂၀၂၇ ခုနှစ်တွင် နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီ၏ နှစ်ရာခိုင်နှုန်းအထိ နှစ်ဆတိုးမြှင့် သုံးစွဲသွားရန် ပြောကြားခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့် သီတင်းပတ်ကလည်း ဂျပန်နိုင်ငံသည် ဗြိတိန်နိုင်ငံနှင့် ကာကွယ်ရေး သဘောတူညီချက်အသစ်ကို လက်မှတ်ရေးထိုးခဲ့သည်။
အေအက်ဖ်ပီ