ပင်းတယ ဇန်နဝါရီ ၁၇  

 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စိုက်ပျိုးရေး သင်တန်းဖွင့်ပွဲကို ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းက တောင်ရှည်ကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာ၌ ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲတွင် ပင်းတယမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်က အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းနည်းပြ ဆရာ/ဆရာမများက သင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာဆောင်များနှင့် သင်ထောက်ကူပစ္စည်းများကို သင်တန်းသားများထံသို့‌ လွှဲပြောင်းပေးအပ်ခဲ့သည်။

 

အဆိုပါ သင်တန်းသို့ ပင်းတယမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံများ စိုက်ပျိုးနေသည့် ကျေးရွာများမှ သင်တန်းသား သင်တန်းသူ ၂၀ တက်ရောက်ကြပြီး သင်တန်းကို ဇန်နဝါရီလ (၁၆)ရက်မှ (၂၀)ရက်အထိ (၇)ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းတွင် ကောင်းမွန်သော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် သက်ဆိုင်သည့် သင်ခန်းစာများ၊ GAP စိုက်ပျိုးနည်း၊ စူပါဘိုကာရှီမြေဩဇာ ပြုလုပ်သုံးစွဲနည်း၊‌ နေကြာစိုက်ပျိုးနည်းစနစ်နှင့် မျိုးစေ့ဥပဒေများ၊ စပါး/ နေကြာ သီးနှံမျိုးစေ့ထုတ်လုပ်နည်း၊ သဘာဝပိုးသတ်ဆေးပြုလုပ်ခြင်းနည်းပညာများကို အခမဲ့သင်ကြားပို့ချပေး သွားမည်ကြောင်း ပင်းတယမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော် ထံမှ သိရသည်။

 

မောင်ခိုင်