ဇန်နဝါရီ ၁၇

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်၏ တောင်ဘက် ၁၀၁ ကီလိုမီတာအကွာ ရှာရတ်ပါခရိုင်တွင် ယနေ့မနက်အစောပိုင်းက လူခြောက်ဦးလိုက်ပါသည့်လူနာတင်ယာဉ်တစ်စီးသည် ထရပ်ကားတစ်စီးကို ဝင်တိုက်မိခဲ့သည်ဟု သိရသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာမှာပင် ယာဉ်မောင်းအပါအဝင် ခြောက်ဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ထိုခရိုင်မီးသတ်နှင့်ပြည်သူ့ကာကွယ်ရေးလက်ထောက်ညွှန်ကြားရေးမှူးက လူနာတင်ယာဉ်သည် မြူများထူထပ်မှုကြောင့် မြင်ကွင်းမရှင်းလင်းသဖြင့် ဒေသစံတော်ချိန် မနက် ၄ နာရီ ၂၀ မိနစ်ခန့်တွင် ထရပ်ကားတစ်စီးကိုဝင်တိုက်မိခြင်းဖြစ်သည်ဟု သတင်းထောက်များကို ပြောကြားသည်။

ယင်းလူနာတင်ယာဉ်သည် လူနာတင်ဆောင်ကာ ဆေးရုံသို့ဦးတည်သွားနေခြင်းဖြစ်ပြီး မျက်နှာခြင်းဆိုင်ဘက်မှလာသော ထရပ်ကားတစ်စီးကိုဝင်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ယာဉ်ထိန်းရဲဌာန၏ စောင့်ကြည့်စစ်ဆေးမှုအားနည်းခြင်း၊ ကျွမ်းကျင်မှုအားနည်းသော ယာဉ်မောင်းများ၏ ယာဉ်စည်းကမ်းချိုးဖောက်ခြင်းနှင့် ယာဉ်ကြံ့ခိုင်မှုအားနည်းခြင်းတို့ကြောင့် ကမ္ဘာ့နိုင်ငံများတွင် ယာဉ်မတော်တဆမှုဖြစ်ပွားသဖြင့် သေဆုံးမှုနှုန်း ပိုမိုမြင့်မားသည့် နိုင်ငံဖြစ်သည်။

၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းတွင် ရထားလမ်း၊ ရေကြောင်းလမ်းနှင့် လမ်းမတော်တဆဖြစ်မှုပေါင်း ၇၆၁၇ ခုရှိပြီး လူပေါင်း ၁၀၈၅၈ ဦး သေဆုံးခဲ့ပြီး အခြား ၁၂၈၇၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို