နေပြည်တော် ဇန်နဝါရီ ၁၇
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နေပြည်တော်သင်တန်းကျောင်းနှင့် ရန်ကုန် တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်းတို့တွင် တစ်ပြိုင်တည်းဖွင့်လှစ်ခဲ့သည့် အခြေခံစာရင်းကိုင်နှင့် ရုံးလုပ် ငန်း ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် - ၂၃၄ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၌ ကျင်းပသည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးက အစိုးရဌာန၊ အဖွဲ့အစည်းများရှိ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စွမ်းဆောင်ရည် ပြည့်ဝစွာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်သင် ကြားပေးခဲ့ခြင်း ဖြစ်ကြောင်း၊ သင်တန်းမှရရှိသည့် အတွေ့အကြုံ၊ ဗဟုသုတ၊ အသိပညာ များဖြင့် လက်တွေ့တွင် ယခင်ကထက်ပို၍ အောင်မြင်စွာ ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ သင်တန်းသားများ အနေဖြင့် လက်တွေ့လုပ်ငန်းခွင်တွင် တန်ဖိုးရှိရှိ ပြန်လည်အသုံးချတတ်ရန် လိုအပ်ကြောင်း၊ သင်တန်းတွင် အခြေခံစာရင်း ကိုင်ပညာ ရပ်များသာမက ဘဏ္ဍာရေးစည်းမျဉ်း၊ ဝန်ထမ်းစည်းမျဉ်း ဘာသာရပ်များကိုပါ သင်ကြား ပို့ချပေးခဲ့ပါကြောင်း၊ တိုးတက်ပြောင်းလဲလျက်ရှိသည့် ခေတ်ရေစီးကြောင်းနှင့်အညီ လိုက်ပါဆောင် ရွက်နိုင်ရန်အတွက် “သင်ကြားလေ့လာမှုများသည် မည်သည့်အခါမျှ ပြီးဆုံးသည်မရှိ” ဆိုသည့်အတိုင်း စဉ်ဆက်မပြတ် သင်ယူဆည်းပူးခြင်းဖြင့် အရည် အသွေးတောက်ပပြည့်စုံ၍ ကျင့်ဝတ်၊ စည်းကမ်းစောင့်ထိန်းလိုက်နာသော ဝန်ထမ်း ကောင်းများဖြစ်စေရေး ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းကို နိုဝင်ဘာ ၂၈ ရက်မှစ၍ (၂)လကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ သင်တန်းကျောင်းတွင် ပြည်ထောင်စု အဆင့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ သင်တန်းသား ၁၈၀ နှင့် ရန်ကုန်တိုင်းဒေသ ကြီး တိုက်ကြီးမြို့နယ်ရှိ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေး သင်တန်း ကျောင်းတွင် ၁၄၀ ၊ စုစုပေါင်း သင်တန်းသား ၃၂၀ တက်ရောက် ပြီးမြောက်ခဲ့ ကြောင်းသိရသည်။
သတင်းစဉ်