နေပြည်တော် ဇန်နဝါရီ ၁၇

ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းကော်မတီ ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့်ကျင်းပသည်။

ရှေးဦးစွာ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံက ပထမအကြိမ်အစည်းအဝေးတွင် ချမှတ်ဆုံးဖြတ်ခဲ့သည့် လုပ်ငန်းစဉ် (၆)ရပ် အနက် မူဝါဒနှင့်မဟာဗျုဟာဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများကို ပြည်ထောင်စု နယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီး/ ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနတွေက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်များ ထည့်သွင်းရေးဆွဲချမှတ်ပြီး စီမံချက်ပါ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်၊ မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာလုပ်ငန်းအစီအစဉ် (Nationally Determined Contributions-NDCs) အရ ကဏ္ဍအလိုက် ရည်မှန်းချက်များနှင့် ကတိကဝတ်များကို သတ်မှတ်ကာလအတွင်းပြည့်မီစေရေးအတွက် ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်လျက်ရှိကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များသည် ကဏ္ဍစုံချိတ်ဆက်နေပြီး တစ်ဦးတစ်ယောက်တည်းဆောင်ရွက်၍ မရနိုင် သည့်အတွက် ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများ၊ ပါဝင်ပတ်သက်သူများ၊ အထူးသဖြင့် ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုသည် အလွန် အရေးကြီးပါကြောင်း။

လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် အနာဂတ်မှာကြုံတွေ့လာနိုင်သည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများ ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ပတ်ဝန်းကျင်စာရင်းအင်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဘောင်အရ ပတ်ဝန်းကျင်ဆိုင်ရာ စာရင်းအင်းညွှန်းကိန်း (၁၀၀) ဆိုင်ရာ  အချက်အလက်များ ကို ဆက်စပ်ဌာနများမှ ပံ့ပိုးပေးနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါ ကြောင်းနှင့် လုပ်ငန်း ကော်မတီဝင်များအနေနဲ့ ထိရောက်အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်နိုင်ရန် ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးကြရန် တိုက်တွန်းပြောကြားသည်။ 

ဆက်လက်၍ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက လုပ်ငန်းကော်မတီ ဆောင်ရွက်ပြီးစီးမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို တင်ပြသည်။

ထို့နောက် သက်ဆိုင်ရာဌာနအသီးသီးမှ လုပ်ငန်းကော်မတီအဖွဲ့ဝင်များက မိမိတို့ဌာနအလိုက် ပေါင်းစပ်ဆောင်ရွက်နေမှုကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က လိုအပ်သည်များကို ထပ်မံဖြည့်စွက်၍ ရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်