ပူတာအို ဇန်နဝါရီ ၂၀
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဝေးလံခက်ခဲသည့် ကျေးရွာများမှ ဒေသခံလူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးအတွက် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ဇန်နဝါရီ(၂၀)ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ ပြည်နယ်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မောင်းက သင်တန်းဆင်း အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဦးစီးမှူးက သင်တန်းဆင်း လက်မှတ်များပေးအပ် ချီးမြှင့်ရာသင်တန်းသား/သူများက လက်ခံရယူကြပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်က သင်တန်းထွက်ကုန် ပစ္စည်းများကို သင်တန်းသား/သူများထံ ထောက်ပံ့ပေးအပ်သည်။
သင်တန်းတွင် ဒေသထွက် သစ်သီးဝလံပန်းမံ အခြေခံသင်တန်းအမျိုးအစား စုစုပေါင်း(၁၂)မျိုးတို့ကို ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြများက ဇန်နဝါရီ(၁၆)ရက်မ ှ(၂၀)ရက်နေ့အထိ သင်တန်းကာလငါးရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါသင်တန်းသို့ ကချင်ပြည်နယ်မြောက်ဖျားပိုင်းရှိ ပူတာအိုမြို့နယ်အတွင်း ဝေးလံခက်ခဲသော ခါးလန်၊ ဇီယာ ဒမ်း၊ လုံးနဒမ်း၊ ၀မ်လှိုင်ဒမ်း၊ ဝါဆန်ဒမ်း၊ အ၀ပ်ဒမ်၊ မုဒုံ၊ ပူတောင်ကျေးရွာများမှ သင်တန်းသား/သူစုစုပေါင်း(၂၀)ဦးတက် ရောက်ခဲ့ကြပြီး အဆိုပါကျေးရွာများသည် ဖုန်ကန်ရာဇီရေခဲတောင်နှင့် ဂမ်လန်ရာဇီရေခဲတောင် သွားလမ်းတစ်လျောက် ကျေးရွာများဖြစ်ခြင်းကြောင့် ရေခဲတောင်တက် ပြည်တွင်းပြည်ပခရီးသွားများ အမြဲမပြတ်လာရောက်သော ဒေသတစ်ခုဖြစ်၍ ၎င်းနည်းပညာများ တတ်မြောက်ခြင်းဖြင့် ခရီးသွားလုပ်ငန်းကို အထောက်အကူပြုလာမည့်အပြင် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်ရရှိပြီး မိသားစုဝင်ငွေ တိုးတက်ရရှိလာမည်ဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)