ရန်ကုန် ဇန်နဝါရီ  ၂၁

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (ရန်ကုန်မြို့တော်ဝန်) ဦးဗိုလ်ဌေး သည် ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ  ယနေ့နံနက်ပိုင်းတွင် သာကေတမြို့နယ် ရှုခင်းသာလမ်းတစ်လျှောက် သန့်ရှင်းသာယာရေးဆောင်ရွက်ထားရှိမှုကို လည်းကောင်း၊  ၆/အရှေ့ရပ်ကွက် ရှုခင်းသာမြို့ပတ်လမ်းပေါ်ရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးရှေ့ အုတ်ရေမြောင်းတည်ဆောက်နေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။ 

ဆက်လက်၍ မြို့တော်ဝန်သည် ရန်ကုန်မြို့တော်ဂေါက်ကွင်းသို့ ရောက်ရှိပြီး မြကန်သာကွင်းအတွင်း (၂၆) ကြိမ်မြောက် မြို့တော်ဂေါက်ကွင်း နှစ်ပတ်လည် အသင်း သားများ ဂေါက်သီးရိုက်ပြိုင်ပွဲ (ရွှေအဆင့်)  ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။

ယင်းနောက် မြို့တော်ဝန်သည် ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်သို့ ရောက်ရှိပြီး သစ်ရွက်ဆွေးမှ EM Bokashi မြေဩဇာထုတ်လုပ်နေမှု၊ အုန်းပင်များ စိုက်ပျိုးထားရှိမှု၊ ပျိုးခြံများအတွင်း ပျိုးပင်များ၊ ပန်းအလှပင်များ၊ ရောင်စုံပန်းများ ပျိုးထောင်ထား ရှိမှုနှင့်ပန်းခြံအတွင်း မြေယာရှုခင်းများ ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်