နေပြည်တော် ဇန်နဝါရီ ၂၁

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့ မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးရုံး၊ ကုန်သွယ်မှုသင်တန်းကျောင်း (ရန်ကုန်)တွင် အစိုးရဝန်ထမ်းနှင့် ပုဂ္ဂလိက ကဏ္ဏမှ လုပ်ငန်းရှင်များ ကုန်သွယ်မှုနှင့် စီးပွားရေးလုပ်ငန်းဆိုင်ဥရာ ဗဟုသုတများ တိုးပွားစေရန်၊ အရည်အသွေးမှီ သင်တန်းများပို့ချခြင်းဖြင့် စွမ်းဆောင်ရည်မြှင့်တင် ပေးနိုင်ရန်နှင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုစေရန်တို့အတွက် ရည်ရွယ် ဖွင့်လှစ်သော သင်တန်းအမှတ်စဉ် (၆)  ပို့ချလျက်ရှိသည့် အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေး ကာ လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပုဂ္ဂလိကကဏ္ဏမှ ကုန်သွယ်မှုဆိုင်ရာလုပ်ငန်း လုပ်ကိုင်နေသူများ အနေဖြင့် နိုင်ငံတကာနှင့် ဆက်စပ်၍ ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် သိရှိထားရမည့် အခြေခံအချက်များ တတ်ကျွမ်းနားလည်ရေး၊ ကုန်သွယ်မှုဆိုင်ရာ ဗဟုသုတများ ပိုမိုသိရှိစေရေး၊ အမြဲပြောင်းလဲလျှက်ရှိသည့် နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ လုပ်နည်းလုပ်ဟန်များ စဉ်ဆက်မပြတ် လေ့လာသင်ယူရေးနှင့် ကုန်သွယ်မှုကဏ္ဏဖွံ့ဖြိုးတိုးတက်မှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်၍ ကုန်သွယ်မှု ကဏ္ဏဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေးတိုက်တွန်း ပြောကြားသည်။ 

သတင်းစဉ်