ရန်ကုန် ဇန်နဝါရီ ၂၁

ဧရိယာစတုရန်း ၁၆ မိုင်ပတ်လည်ကျယ်ဝန်းသော ပုဂံယဉ်ကျေးမှုနယ်မြေသို့ ယခုနှစ် ဆန်းပိုင်း ခရီးသွားရာသီတွင် ပြည်တွင်း/ ပြည်ပ ခရီးသွားများ တစ်ဖွဲဖွဲဝင် ရောက်လျက်ရှိ၍ ပုဂံယဉ်ကျေးမှု၏ နံနက်ခင်းအလှ၊ ဆည်းဆာအလှနှင့် စေတီပုထိုးတို့၏အလှတို့ကို မိုးပျံ ဘောလုံးစီးနင်း၍ ဝေဟင်မှကြည့်ရှုသူ များလာကြောင်း သိရသည်။     

ပုဂံဒေသသို့ ၂၀၂၂-ခုနှစ်-ဒီဇင်ဘာလတွင် ခရီးသွားမပြတ်ဝင်ရောက်ခဲမှုကြောင့် ဟိုတယ်၊ မိုတယ်များနှင့် ဒေသခံစီးပွားရေးလုပ်ငန်းများ အဆင်ပြေခဲ့ပြီး စေတီပုထိုးတို့ အလှကို ပိုမိုပေါ်လွင်စေသော နံနက်ခင်းပိုင်းနှင့် ညနေဆည်းဆာအလှ ကြည့်ရှုမှုကို ပြည်တွင်း/ ပြည်ပခရီးသွားများ အထူးနှစ်ခြိုက်ကြလေ့ရှိ သည်။ ပုဂံယဉ်ကျေးမှုနယ်မြေရှိ စေတီပုထိုးများကြံခိုင်မှုကို ထိန်းသိမ်းနိုင်ရန် စေတီပုထိုးများပေါ်မှ ဝန်းကျင်ရှုခင်းများ ကြည့်ရှုမှုကို တားမြစ်ထားပြီး သဘာဝအလှကိုကြည့်ရှုရန် သတ်မှတ်ပေးထားသောနေရာ နှစ်နေရာတွင်  ကြည့်ရှုသူ အထူးစည်ကားလျက်ရှိပြီး ပုဂံဒေသ၏အလှကို ပြည့်ပြည့်ဝဝပိုမို ကြည့်ရှုခံစားနိုင်ရန် မိုးပျံဘောလုံးစီးနင်းမှုသည် ဇန်နဝါရီလဆန်းပိုင်းမှစ၍ စည်ကားလာခဲ့သည်။

“ဒီနှစ်ဟာအခြားနှစ်တွေနဲ့ မတူတာက ပုဂံမှာဆောင်းတွင်းအလှဟာ ထူးထူးခြားခြားကို လှပနေတဲ့အတွက် ခရီးသွားဝင်ရောက်မှုများတာလည်းပါပါတယ်။  နံက်ခင်း အလှနဲ့ဆည်းဆာအလှကို ကြည့်ဖို့ဆိုရင် တောင်ကုန်းနှစ်ခုကဘဲ ကြည့်လိုရတဲ့အတွက် ဒီနှစ်မှာ ခရီးသွားများတာကြောင့် ကြိုတင်နေရာယူပြီးမှသာ ကြည့်ရတဲ့အထိ လူများပါ တယ်။ ပုဂံရဲ့အလှကို အလုံးစုံကြည့်ရင်း သဘာဝအေးမြမှုကို ခံစားလိုကြတဲ့ခရီး သွားတွေကတော့ မိုးပျံဘောလုံးစီးတာများတယ်။ မိုးပျံဘောလုံးတစ်လုံးကို လူ(၁၆)ဦးစီးလို့ရတဲ့ ဘောလုံးနှစ်လုံးနေ့စဉ် နံနက်ပိုင်းမှာ လွတ်တင်ပေးပါတယ်။  

ဝန်ဆောင်မှုအနေနဲ့တစ်ဦးကို ကျပ်(၃)သိန်းကနေ (၄)သိန်း(၂) သောင်းအကြားရှိ ပြီးတော့ စီးနင်းတဲ့ ခုံလက်ကျန်ပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲတော့ ရှိပါတယ်။ နိုင်ငံခြားခရီးသွားတွေလည်း မနှစ်ကထက်ပိုပြီး ဝင်လာသလိုဘောလုံးလည်းစီး လာကြ တယ်။ ဒီနှစ်ဆန်းပိုင်းဟာ ပုဂံမှာခရီးသွားမပြတ် ဝင်ရောက်နေတဲ့နှစ်တစ်နှစ်ရဲ့ ဆောင်းရာ သီလို့ဆိုရမှာပါ။ ခရီးသွားဝင်ရောက်တဲ့အတွက် ဒေသခံတွေလည်းအလုပ် အကိုင် အဆင်ပြေကြပါတယ်”ဟု ပုဂံဒေသ မိုးပျံဘောလုံး BOB ကုမ္ပဏီမှ တာဝန်ခံ ဦးဝင်းဇော်ဦးက ပြောသည်။

နိုင်ငံခြားသား Pilot များ ထိန်းသိမ်းမောင်းနှင်သော မိုးပျံဘောလုံးဖြင့် ပုဂံဒေသအလှကို ကြည့်ရှုနိုင်ရန် ၁၉၉၉-ခုနှစ်တွင် စတင်ပျံသန်းခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က ကုမ္ပဏီ တစ်ခုတည်းမှ ဝန်ဆောင်မှုပေးခဲ့ကာ ယနေ့တွင် ကုမ္ပဏီလေးခုမှ ပြည်တွင်း/ပြည်ပ ခရီးသွားများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ မိုးပျံဘောလုံး ဝန်ဆောင်မှုမှာ ကိုဗစ်-၁၉ ရောဂါကြောင့်  ၂ နှစ်တာ ရပ်နားထားခဲ့ရာမှ ယခုနှစ်ခရီးသွားရာသီတွင် ပြန်လည် အသက်ဝင်လာခြင်းဖြစ်ပြီး  မိုးပျံဘောလုံးစီးနင်း၍ သဘာဝအလှကြည့်ရှုနိုင်ရန် ၂၀၂၂-ခုနှစ်၊ အောက်တိုဘာ ၇ ရက်တွင် စတင်ပျံသန်းခဲ့ကာ  ၂၀၂၃-ခုနှစ်၊ ဧပြီ ၁၀ ရက်အထိ ပုဂံ ဒေသတွင် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ယခုနှစ်ဆန်းပိုင်း ခရီးသွားရာသီတွင် ပြည်တွင်းခရီးသွားများ နေ့စဉ်ဝင်ရောက်လျက် ရှိသည့်နည်းတူ ပြည်ပခရီးသွားများဖြစ်သော ရုရှား၊ တရုတ်၊ ဂျာမဏီ၊ ပြင်သစ်၊ အမေရိ ကန်၊ ဂျပန်၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားသွား ခရီးသွားများလည်း လာရောက် လည်ပတ်လျက်ရှိသည်။ ယခုနှစ်တွင် ပုဂံဒေသသည် ထူးခြားလှပသော သဘာဝအလှကို ပေါ် လွင်စေသောကြောင့်  လာရောက်လည်ပတ်သူအပေါင်းကို စိတ်ငြိမ်းချမ်းမှုပေးလျက် ရှိပြီး အေးမြသော ရာသီဥတုကို ပိုင်ဆိုင်ထားသော ပုဂံယဉ်ကျေးမှုနယ်မြေသို့ ပြည်တွင်း/ ပြည်ပ ခရီးသွားများ တစ်ဖွဲဖွဲဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - ကနူး    - ညိမ်းသူ (သတင်းစဉ် )