ကျွန်းစု ဇန်နဝါရီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ကတ္တလူကျေးရွာအုပ်စု၊ ထိန်ချောင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ အမျိုးသမီးငယ်များအား လူသုံးကုန်ပစ္စည်း (၁၆)မျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်သင်ကြားခဲ့သည်။
သင်ကြားရာတွင် အဝတ်လျှော်ဆပ်ပြာ၊ ပန်းကန်ဆေး/လက်ဆေးဆပ်ပြာ၊ ဘက်စုံဆပ်ပြာ၊ ဆပ်ပြာခရင်မ်၊ အထည်အမွှေးဆီ၊ ပရုပ်ဆီ၊ လက်သန့်ဆေးရည်၊ Body Shower၊ ခေါင်းလျှော်ရည်၊ Herbal Soap၊ ဖယောင်း၊ မှန်ကြည်ဆေး၊ ကြမ်းတိုက်ဆေးရည်၊ Body Scrub၊ Hair Gel၊ ဆံပင်ပေါင်းဆေး၊ စုစုပေါင်း လူသုံးကုန်ပစ္စည်း(၁၆)မျိုးကို ဇန်နဝါရီလ(၂၃)ရက်နေ့ မှ (၂၇)ရက်နေ့အထိ သင်တန်းသူ အမျိုးသမီး(၁၅)ဦးအား စာတွေ့လက်တွေ့ အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။
ကျွန်းစုမြို့တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများဖြစ်သော အခြေခံအပ်ချုပ်စက်သင်တန်းကို အောက်တိုဘာလတွင် ပထမအကြိမ်၊ နိုဝင်ဘာလတွင် လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု နည်းပညာသင်တန်းအား ဒုတိယအကြိမ် ဖွင့်လှစ်သင်ကြားခဲ့ပြီး ယခုလတွင် တတိယကြိမ်မြောက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း မြို့နယ်ကျေး/လက်မှ သိရသည်။
စည်သူရအောင်(ကျွန်းစု)