ထင်ပေါ်ဝင်း
အထက်ညွှန်ကြားမှုကို မစောင့်ဘဲ မိမိ၏ အလုပ်လုပ်နိုင် စွမ်းအားကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အသုံးချပြီး ပြည်သူ့အပေါ် အပြုံးဖြင့် ဝန်ဆောင်မှုပေးရန် လမ်းညွှန်နေသည့် မြန်မာ့မီးရထား အရာရှိတစ်ဦး ဆွေးနွေးနေသည့်အသံသည် ဖေဖော်ဝါရီ ၇ ရက်က ရန်ကုန်မြို့အောက်မြန်မာပြည် မီးရထားရုံးအစည်း အဝေးခန်းမအတွင်း၌ တိုးညင်းစွာ ထွက်ပေါ်လျက်ရှိသည်။
ဖွံ့ဖြိုးပြီး ဂျပန်နိုင်ငံတွင် ပြေးဆွဲနေသော ရထားလုပ်ငန်း များကို သွားရောက်လေ့လာခဲ့သော မြန်မာ့မီးရထား အရာရှိ ၁၀ ဦးအနက်မှ တစ်ဦးက ရန်ကုန်ရှိ ရထားဝန်ထမ်းများအား ပြန်လည်အသိမျှဝေနေခြင်းဖြစ်သည်။
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်သည့် လုပ်ငန်းများ၊ မြို့ပတ်ရထားလမ်းပိုင်းရှိ ဘူတာရုံများ အဆင့်မြှင့် တင်သည့်လုပ်ငန်းများကို မြန်မာ့မီးရထားအနေဖြင့် လွန်ခဲ့သော နှစ်ပိုင်းအတွင်းကပင် စတင်လုပ်ဆောင်နေခဲ့သည်။ ပြီးစီးသည့် လုပ်ငန်းနေရာများရှိသလို ဆက်လက်လုပ်ဆောင်နေသည့် အပိုင်းများလည်း ကျန်ရှိနေသေးသည်။ မြန်မာ့မီးရထား အနေဖြင့် မီးရထားနှင့် မီးရထားဝန်ထမ်းများ၏ ရုပ်ပိုင်းဆိုင်ရာ တိုးမြှင့်မှု သာမက စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုအတွက်လည်း လုပ်ဆောင်လျက်ရှိသည်။ ရထားဝန်ထမ်းများ စိတ်ပိုင်းဆိုင်ရာ မြင့်မားစေရေးအတွက် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေး လျက်ရှိသည်။ ဖေဖော်ဝါရီ ၇ ရက်က မြန်မာ့မီးရထားဝန်ဆောင်မှု အရည်အသွေး တိုးတက်စေရန် ကျင်းပသော အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကို သွားရောက်သတင်းရယူရင်း အရှိန်အဟုန်ဖြင့် ပြောင်းလဲရန်ကြိုးစားနေသည့် မြန်မာ့မီးရထား၏ အားထုတ်မှုများကို သိရှိခွင့်ရခဲ့ပါသည်။
မြန်မာ့မီးရထား၏ ပြုပြင်ပြောင်းလဲ အဆင့်မြှင့်တင်မှုများအား ကူညီဆောင်ရွက်ပေးနေသည့် Japan International Consultants for Transportation Co., Ltd (JIC) မှ ဒါရိုက်တာတစ်ဦးဖြစ်သူ Mitsuo HIGASHI က “မြန်မာ့မီးရထား ဝန်ဆောင်မှုနဲ့ပတ်သက်၍ ပြီးခဲ့တဲ့ သုံးနှစ်လောက်ကစပြီး သင်တန်းလေးတွေ စတင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ၇ လပိုင်းမှာ ဝန်ကြီးရဲ့အတည်ပြုချက်နဲ့ ဂျိုက်ကာကနေ တရားဝင် မြန်မာ့မီးရထားဝန်ဆောင်မှု သင်တန်းပေးဖို့ကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာမှာ မြန်မာ့မီးရထားကအရာရှိ ၁၀ ယောက်ကို ဂျပန်ကိုခေါ်သွား ပြီးတော့ ဂျပန်မှာရှိတဲ့ ရထား ဝန်ဆောင်မှုတွေကို လက်တွေ့ပိုင်းရော သီအိုရီပိုင်းရော တစ်ပတ်လောက် သင်ကြားပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်လောက်က ဂျိုက်ကာနဲ့ မြန်မာ့မီးရထားဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ မြန်မာ့မီးရထား ဝန်ဆောင်မှုတိုးမြှင့်ပေးဖို့အတွက် အစီအစဉ်ကို စတင်ခဲ့ပါတယ်။ ပြီးတော့ ဝန်ဆောင်မှု တိုးမြှင့်ဖို့အတွက်လည်း ကော်မတီဖွဲ့ဖို့ ဆုံးဖြတ်ခဲ့တယ်။ ရန်ကုန် ဘူတာကြီးမှာရှိတဲ့ ဝန်ထမ်းတွေနဲ့ ပထမအဆင့် ဒီအလုပ် ရုံဆွေးနွေးပွဲကို စတင်ခဲ့ခြင်းဖြစ်ပါတယ်။
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးကို စတင် လုပ်ဆောင်နေတယ်။ ဒါနဲ့အတူတူ ဝန်ဆောင်မှုတွေ တိုးမြှင့်ဖို့ကိုလည်း လုပ်ဆောင်နေပါတယ်။ ရထားလမ်းပိုင်းတွေ ပြုပြင်တဲ့ အပိုင်းမှာလည်း ဇလီဖားတုံးတွေကို ပြုပြင်တာ၊ သံလမ်းတွေ ပြုပြင်တဲ့အပိုင်းတွေကို လုပ်ဆောင်ပြီးတော့ ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းရဲ့ လက်ရှိပြေးဆွဲနေတဲ့ အရှိန်ထက်ကို အရှိန်တိုးမြှင့်ဖို့အတွက်ကို လုပ်ဆောင်နေပါတယ်။ မကြာခင်အချိန်မှာ ဂျပန်မှာလက်ရှိသုံးစွဲနေတဲ့ ရထားတွဲဆိုင်းသစ်တွေကို မြန်မာပြည်ကို တင်သွင်းလာပြီး ရထားမှာ အဲကွန်းလည်းပါမယ်။ ဂျပန်ပုံစံအတိုင်းကို ဖြစ်လာတဲ့ ရထားတွဲဆိုင်းသစ်တွေ မကြာခင် ရောက်ရှိလာပါတော့မယ်။
ဝန်ဆောင်မှုတိုးမြှင့်ဖို့ ပြုပြင်ပြောင်းလဲ
ရထားမှာရှိတဲ့ အစိတ်အပိုင်းတွေကို တိုးတက်အောင် လုပ်ဆောင်နေတဲ့အပြင် မြန်မာ့မီးရထားမှာ တာဝန်ကျနေတဲ့ ဝန်ထမ်းတွေရဲ့ ခရီးသွားပြည်သူတွေအပေါ်မှာ ဝန်ဆောင်မှု တိုးမြှင့်ဖို့ ပြုပြင်ပြောင်းလဲရေးအတွက်ကိုလည်း အလုပ်ရုံ ဆွေးနွေးပွဲလေးတွေ လုပ်နေပါတယ်။ ခရီးသွားပြည်သူတွေ အတွက် လုံခြုံစိတ်ချရတဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကြီးကို မြန်မာ့မီးရထားအတွက် ဖန်တီးပေးဖို့ ဂျိုက်ကာနဲ့ပေါင်းပြီး လုပ်ဆောင်နေတဲ့အပိုင်းမှာလည်း ခရီးသွားပြည်သူတွေကလည်း မြန်မာ့မီးရထားဝန်ဆောင်မှုကို ယုံကြည်စွာနဲ့ စိတ်ချစွာသုံးစွဲဖို့ အတွက်ကို ကျွန်တော့်အနေနဲ့ တိုက်တွန်းပါတယ်။
ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့အတူ မြန်မာ့မီးရထားရုံးချုပ်၊ နောက်တစ်ခုက တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှာရှိတဲ့ ရုံးခွဲတွေမှာ ဝန်ဆောင်မှုတိုးမြှင့်ရေးဆပ်ကော်မတီဖွဲ့ဖို့ အတည် ပြုပြီးပါပြီ။ ခရီးသွားဝန်ဆောင်မှု ပြုပြင်ပြောင်းလဲဖို့အတွက် အလုပ်ရုံဆွေးနွေးပွဲတွေကို စဉ်ဆက်မပြတ် လုပ်သွားဖို့အတွက် လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့နှစ်က ဂျပန်ကိုသွားပြီး လေ့လာ ခဲ့တဲ့ ရထားက အရာရှိဝန်ထမ်းတွေကလည်း ဒီမှာပြန်ပြီးသင်တန်းတွေ ပို့ချဖို့အတွက်ကိုလည်း အစီအစဉ်ဆွဲထားပါတယ်။ ဝန်ဆောင်မှုနဲ့ ပတ်သက်လာရင် အဓိကအပြုံးပေါ့လေ၊ နောက်တစ်ခုက နှုတ်ဆက်မှုတွေ။ အဲဒီဟာကို ရထားဝန်ထမ်းတွေ အနေနဲ့ နေ့စဉ်လုပ်ဆောင်ဖို့ လိုအပ်သလို အဲဒီထက်ကို ဒီနှစ် ၇ လပိုင်း၊ ၈ လပိုင်းလောက်ကို နောက်ဆုံးထားပြီး ဝန်ဆောင်မှုလက်စွဲကို လုပ်ဖို့အစီအစဉ်ရှိပါတယ်။ ဝန်ဆောင်မှု အသစ်တွေကို မွေးထုတ်ဖို့အတွက်ကို ဝန်ထမ်းတွေကတစ်ဆင့် လုပ်သွားပြီးတော့ ဝန်ထမ်းတွေက တက်လာတဲ့အပေါ်မူတည်ပြီး ဝန်ဆောင်မှုတိုးမြှင့်ဖို့အတွက်ကို လက်စွဲစာအုပ်တွေ ထုတ်မယ်။ အဲဒီအပိုင်းကို စဉ်ဆက်မပြတ် လုပ်ဆောင်သွားဖို့ ကျွန်တော့် အနေနဲ့ ကြိုးစားပါမယ်။
သန့်ရှင်းရေးကို အရင်ထက်ကြိုးစားထား
ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး အခြေခံလုပ်ဆောင်တာတော့ ပြီးခဲ့တဲ့သုံးနှစ်က စလုပ်ခဲ့တာပေါ့။ အဲဒီလို လုပ်ခဲ့တဲ့အခါ ရန်ကုန် ဘူတာ၊ မန္တလေးဘူတာ၊ နေပြည်တော်ဘူတာတို့မှာရှိတဲ့ ဝန်ထမ်းတွေကို အခုလို သင်တန်းတွေပေးပြီးတဲ့အခါမှာ တော်တော်လေးကို တိုးတက်လာတယ်လို့ မြင်ပါတယ်။ တစ်နှစ်အတွင်းမှာ ကျွန်တော်တို့ လက်ရှိသတိထားမိတာဆိုတာကတော့ လမ်းညွှန် ဆိုင်းဘုတ်တွေ၊ အရင်တုန်းကမရှိခဲ့တဲ့ဟာ အခုဆိုရင် တစ်နှစ် အတွင်းမှာ လမ်းညွှန်ဆိုင်းဘုတ်တွေဟာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားနဲ့ မြန်မာတွေအတွက်ရော၊ နိုင်ငံခြားသား တွေအတွက်ပါ မြင်နိုင်အောင် လုပ်ပေးထားတာကို တွေ့ခဲ့ရ ပါတယ်။ သန့်ရှင်းရေးလုပ်မယ့် ဝန်ထမ်းတွေအနေနဲ့ ယူနီဖောင်းတွေကို စမတ်ကျကျ ဝတ်ဆင်ထားပြီးတော့ သန့်ရှင်းရေးကိုလည်း အရင်ထက်စာရင်ပိုပြီး သန့်သန့်ရှင်းရှင်းဖြစ်အောင် ကြိုးစားပြီး လုပ်ပေးနေတာကို တွေ့ရပါတယ်။
ရန်ကုန်ဘူတာကြီးတို့၊ မန္တလေးဘူတာကြီးတို့ဆိုရင် ခရီးသည်နားနေဆောင် အကျယ်ကြီးကို ပြင်ဆင်ထားတာ တွေ့ရပါတယ်။ ရန်ကုန်ဘူတာရဲ့ အပြင်ဘက်မှာဆိုရင် ဝိုင်ဘီအက်စ်ရဲ့ ကားလိုင်းတစ်လိုင်းဟာ ဂိတ်ရင်းရှိပါတယ်။ ရထားစီးတဲ့ ခရီးသည်တွေကလည်း ရထားကဆင်းရင် ဝိုင်ဘီအက်စ်ဆက်ပြီး သွားလို့ရအောင် အဆင်ပြေနေတာကိုလည်း တွေ့ရပါတယ်။ အစိတ်အပိုင်းလေးတစ်ခုကစပြီး ကျန်တဲ့အပိုင်းတွေကို တဖြည်းဖြည်းချင်း တိုးတက်အောင် လုပ်ဆောင်သွားကြပါမယ်။ မြန်မာပြည်မှာ အရေးကြီးဆုံးအချက်က အပေါ်ကနေပဲအောက်ကို ညွှန်ကြားမှုရှိတယ်။ ညွှန်ကြားတဲ့ဟာကို အောက်က လိုက်ပြီးလုပ်ရတယ်။ အခုကျတော့ အောက်ခြေက အပေါ်တက်တဲ့ စနစ်လေးကို ကျင့်သုံးဖို့အတွက်က အလွန်ကို အရေးကြီးပါတယ်။
အတွေးအခေါ်တွေပြောင်းလဲဖို့
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ဘူတာတွေမှာ အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်ပြီးတဲ့အခါကျရင် နယ်ဘူတာတွေအတွက်ပါ ဆက်လုပ်သွားပါမယ်။ ဝန်ဆောင်မှု တိုးမြှင့်ဖို့ ပြုပြင်ပြောင်းလဲရေးလုပ်တာ ဒီတစ်ရက် နှစ်ရက်တည်းလုပ်လို့မရပါဘူး။ နောက် ခြောက်လနေရင် ဘယ်လိုရှိမလဲ၊ ခြောက်လမှာ ထွက်လာတဲ့ အဖြေပေါ်မူတည်ပြီး ပြောင်းလဲမှုလုပ်မယ်။ ပြီးတော့ တစ်နှစ်ကြာရင် ဘယ်လိုရှိမလဲဆိုတာ စဉ်ဆက်မပြတ် လုပ်သွားမယ်။ ထွက်လာတဲ့အပေါ်မှာ မူတည်ပြီးတော့ ကြိုးစားပြုပြင်ပြီး ဆက်လက်လုပ်ဆောင်သွားဖို့ လိုပါတယ်။ အဓိကတော့ ရထား တွဲဆိုင်းသစ်တွေ၊ ရထားတွဲဆိုင်းမှာသုံးတဲ့ ပစ္စည်းကိရိယာတွေ ဟာဆိုရင် ပိုက်ဆံရှိရင် အချိန်မရွေးဝယ်နိုင်တယ်ဆိုပေမယ့်ရထားဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့ စိတ်ခံစားမှုတွေ၊ အတွေးအခေါ်တွေကို ပြောင်းလဲဖို့အတွက်က ဝယ်လို့မရတဲ့ဟာမျိုးဖြစ်တော့ သူတို့ကို သင်တန်းလေးတွေ၊ အလုပ်ရုံဆွေးနွေးပွဲလေးတွေလုပ်ပြီး သူတို့ဆီက ကောင်းမွန်တဲ့ ရလဒ်ကိုရဖို့ ကြိုးစားရပါတယ်။
မည်သည့်အခြေအနေတွင်ဖြစ်စေ လက်အောက်ဝန်ထမ်း တို့၏ ပြောစကား၊ လိုအပ်ချက်ကို ထည့်သွင်းစဉ်းစားမှု အလေ့အထတို့က မြန်မာတို့တွင် မရှိခဲ့။ ထို့ကြောင့်ပင် မြေပြင်လက်တွေ့ အခြေအနေနှင့် လမ်းညွှန်မှာကြားချက်တို့က အမြဲလို လိုကင်းကွာနေခဲ့ရသည်။ ထိုအစဉ်အလာကို မြန်မာ့မီးရထားက ချေဖျက်ရန် ကြိုးစားနေသည်။ မြေပြင်အခြေအနေ၊ အောက်ခြေ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့် စနစ်တစ်ခုကို ရန်ကုန်မြို့ပတ်ရထားများက စတင်တော့မည်။ ဝိုင်ဘီအက်စ်ပြီးလျှင် ဒုတိယမြောက်ကြီးမားသော အပြောင်းအလဲကို မဟာရန်ကုန် မြို့ပတ်ရထားလမ်းပိုင်းများတွင် မကြာခင် မြင်တွေ့ခွင့်ရတော့မည်ဖြစ်သည်။
အဆင့်မြှင့်တင်ထားသည့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းများတွင် အရှိန်မြှင့် ရထားစက်ခေါင်းတို့နှင့်အတူ ချိုသာသော မျက်နှာပေးနှင့် ရန်ကုန်ရထားဝန်ထမ်းတို့၏ အပြုံးကို မကြာမီ မြင်တွေ့ခွင့်ရတော့မည် ဖြစ်ပါကြောင်း . . .။
မြန်မာ့အလင်း