ဝေယံဦး
ရန်ကုန်မြို့ ရဲ့ နေရာအနှံ့မှာ ပုံရိပ်သစ်တွေ အများအပြား ထွက်ပေါ်နေရာမှာ ရပ်ကွက်တိုင်းနီးပါးတွင် တွေ့မြင်နေရတာကတော့ ဖူဆယ်ဘောလုံးကွင်းတွေပဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ဖွံ့ဖြိုးမှု၊ တိုးတက်မှုအဖြစ် အထပ်မြင့် အဆောက်အအုံတွေ၊ တည်ဆောက် ဆဲအဆောက်အအုံတွေနဲ့အတူ ထွက်ပေါ်လာတာကတော့ ဖူဆယ်ဘောလုံးကွင်းတွေပါပဲ။
ရန်ကုန်မြို့ပြမှာ နေထိုင်တဲ့ လူငယ်တွေအတွက် ကျန်းမာခြင်း၊ ကြံ့ခိုင်ခြင်း၊ သွက်လက် ဖျတ်လတ်ခြင်းဆိုတဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ ဖူဆယ်ဘောလုံးကွင်းလေးတွေဟာ ဒီနေ့ခတ် လူငယ်တွေအတွက်ကတော့ ဆွဲဆောင်မှုအားကောင်းတဲ့ အားကစားကွင်းတွေအဖြစ် တည်ရှိနေတာဖြစ်ပါတယ်
အခကြေးငွေယူဖွင့်လှစ်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဧရိယာအတွင်းမှာတော့ ဖူဆယ်ဘောလုံးကွင်းပေါင်း ၁၆၀ ကျော်ရှိနေတာမို့ လူငယ်လူရွယ်တွေအတွက်တော့ အပန်းလည်းဖြေ၊ ကျန်းမာရေးအတွက်လည်း အကျိုးပြုတဲ့ ရပ်ဝန်းလေးတွေအဖြစ် ထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်မြေအတွင်းမှာရှိတဲ့ ဖူဆယ်ဘောလုံးကွင်းတွေကတော့ အများအားဖြင့် ပုဂ္ဂလိကပိုင်တွေဖြစ်ပြီး နာရီအလိုက် အခကြေးငွေယူကာ တည်ဆောက်ဖွင့်လှစ်ထားခြင်း ဖြစ်ပါတယ်။
မြက်ခင်းစိမ်းစိမ်းတွေပေါ်မှာ ဥရောပကလပ်ဘောလုံး အသင်းတွေရဲ့ ဒီဇိုင်းလို အားကစားဝတ်စုံ ဝတ်ဆင်ပြီး ဘောလုံးကစားနေကြတဲ့ လူငယ်တွေအတွက်တော့ စိတ်ကျေနပ်မှုရှိစေမှာဖြစ်ပါတယ်။ အားကစားဝတ်စုံ၊ ဘောကန်ဖိနပ်နဲ့ နေ့ညလွတ်လပ်စွာ ကစားလို့ရတဲ့ ဖူဆယ်ဘောလုံးကွင်းတွေဟာ လူငယ်တွေအတွက်တော့ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးပြုလို့ရနေတဲ့ အနေအထားပါပဲ
ရန်ကုန်မြို့မှာရှိနေတဲ့ ပုဂ္ဂလိကဖူဆယ်ဘောလုံးကွင်းတွေရဲ့ အနေအထားကိုကြည့်ရင် နဂိုတည်ရှိနေတဲ့ မြေဧရိယာ အကျယ်အဝန်းအလိုက် တည်ဆောက်ထားတာများပြီး အချို့ဖူဆယ် ဘောလုံးကွင်းတွေဟာ ပေ ၅၀ ပတ်လည်လောက်ပဲ ရှိနေတာကို တွေ့မြင်နေရပါတယ်။ အချို့ဆိုရင် ပေ ၈၀ ပတ်လည် ပြုလုပ်ထားပြီး မြက်ခင်းစိမ်းတွေ၊ ဘောလုံးကစားနည်းဆိုင်ရာ အမှတ်အသားတွေနဲ့အတူ ဂိုးတိုင်နဲ့ ထောင့်လေးထောင့်မှာ အလံတိုင်တွေ ပြုလုပ်ထားပါတယ်။
နေ့ညဘောလုံးကစားနိုင်
ဒါ့အပြင် ဖူဆယ်ကွင်းရဲ့ လေးဖက်လေးတန် ပတ်လည်မှာ အစိမ်းရောင်ပိုက်ကျဲတွေနဲ့ ကာရံထားပြီး နေ့ညပါ ဘောလုံး ကစားနိုင်အောင် လျှပ်စစ်မီးဆလိုက်တွေ ထွန်းလင်းပေးထားပါတယ်။ နေ့ဘက်မှာ အချို့ဖူဆယ်ကွင်းတွေက အလင်းရောင် ကောင်းကောင်းမရနိုင်တဲ့ အနေအထားဆိုရင် မီးထွန်းပေးထားပြီး ဘောလုံးကစားစေတာ တွေ့ရပါတယ်။
ဖူဆယ်ဘောလုံးကွင်းတွေဟာ စံချိန်စံညွှန်းနဲ့ ကိုက်ညီဖို့ လိုအပ်ပြီး အဲဒီလိုကွင်းရဲ့ စံချိန်စံညွှန်းတွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ စစ်ဆေးမှုတွေကတော့ လိုအပ်နေတာ အမှန်ပါပဲ။ အဲဒီကိစ္စတွေကိုလည်း စည်းကမ်းတကျ ဆောင်ရွက်နိုင်ဖို့ ဗီဇာနဲ့ နေတယ်လို့ သိရပါတယ်
ဖူဆယ်ဘောလုံးကွင်းတွေနဲ့ မြေယာပိုင်းဆိုင်ရာ ကိစ္စတွေနဲ့ ဖူဆယ်ကွင်းတွေရဲ့ အကျယ်အဝန်း၊ လိုအပ်တဲ့ ဖြည့်ဆည်းဆောင်ရွက်ရမယ့် အချက်အလက်တွေ ပြီးရင်တော့ ထုတ်ပေးတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ပြီးမှသာ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုမှာ ဖြစ်ပါတယ်
မြို့တော်စည်ပင်ဥပဒေနဲ့အညီ
ဒါနဲ့ပတ်သက်ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၃ ရက်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ရန်ကုန်မြို့မှာရှိတဲ့ မြို့နယ်အတွင်း ပုဂ္ဂလိက ဖူဆယ်ဘောလုံးကွင်းတွေ ထူထောင်ပြီး အခငွေကြေးယူကာ ဖွင့်လှစ်ငှားရမ်းမှုတွေဟာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်ရမယ်လို့ ဆိုထားပါတယ်။
ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ ဖူဆယ်ဘောလုံးကွင်းတွေ ငှားရမ်းခကို ကြည့်ရင် ကွင်းရဲ့အနေအထား၊ လမ်းပန်းဆက်သွယ် ရေးကောင်းမွန်မှုတွေ၊ ဝန်ဆောင်မှုတွေအလိုက် နာရီနဲ့ ငှားရမ်း နေကြတာတွေ ရှိပါတယ်။ တစ်နာရီ ငှားရမ်းခ ငွေကျပ် ၁၀ဝ၀ဝ၊ ကျပ် ၁၅၀ဝ၀ နဲ့ တချို့ ဖူဆယ်ဘောလုံးကွင်းတွေဆိုရင် ငွေကျပ် ၂၀ဝ၀ဝ အထိ ငှားရမ်းနေကြတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့က အဖွဲ့လိုက်၊ အသင်းလိုက် ကစားသမား သုံးဦးနဲ့ ကစားကြတယ်။ ကွင်းကြေးက တစ်နာရီ ငွေကျပ် ၁၅၀ဝ၀ ဆိ်ုတော့ ရှုံးတဲ့အသင်းက ကွင်းကြေးကို ပေးရတာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ကစားသမားတွေ အချိုးကျခွဲဝေပေး ကြတာလည်း ရှိတယ်”ဟု ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ဗဟို လမ်းရှိ ပုဂ္ဂလိက ဖူဆယ်ဘောလုံးကွင်း၌ အမြဲတမ်းကစားလေ့ ရှိသည့် ကိုကျော်မြင့်ဝင်းက ပြောသည်။
လူငယ်တွေနဲ့ လှုပ်ရှားသက်ဝင်
ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ ဖွင့်လှစ်ငှားရမ်းနေတဲ့ ဖူဆယ်ဘောလုံးကွင်းတွေရဲ့ အချို့ကွင်းတွေမှာ လူငယ်လူရွယ် ရုပ်ရှင်အနုပညာရှင်တွေ၊ လူငယ်အဆိုတော်တွေကအစ လာရောက်ကစားနေကြပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ ဖူဆယ်ဘောလုံးကွင်းဟာ နေ့ရောညပါ ကစားနေတဲ့ လူငယ်တွေနဲ့ လှုပ်ရှားသက်ဝင်နေတာ တွေ့ရတာမို့ ဒါဟာ လူငယ်တွေအတွက်တော့ အားလပ်တဲ့ အချိန်တွေ၊ နေ့ရက်တွေမှာ ထွက်ပေါက်မှား၊ လမ်းကြောင်းမှားပေါ် မရောက်သွားစေဖို့ အများကြီး အထောက်အကူပြုစေတာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ရန်ကုန်မြို့မှာ အရှိန်အဟုန်နဲ့ များပြားလာတဲ့ ပုဂ္ဂလိက ဖူဆယ်ဘောလုံးကွင်းတွေကြောင့် မြို့ပြပုံရိပ်သစ်ကို ဖြစ်ပေါ်စေဖို့ လုပ်ထုံးလုပ်နည်းတွေနဲ့ စနစ်တကျ ဆောင်ရွက်ရင် ရန်ကုန်မြို့အတွက် ဝင်ငွေတိုးစေသလို လူငယ်တွေအတွက်လည်း ကျန်းမာကြံ့ခိုင်စေတာမို့ စနစ်တကျနဲ့ ကြီးကြပ်ဆောင်ရွက်ဖို့တော့ လိုအပ်တာ အမှန်ပါပဲ။
မြန်မာ့အလင်း