မြိတ် ဇန်နဝါရီ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ကမ်းနီးရေပြင်ဧရိယာများတွင် တရားမ၀င် ငါးဖမ်းဆီးမှု လျော့နည်းစေရန် စစ်ဆေးရေးရေယာဉ်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်းဉီးစီးဌာနမှ သိရသည်။

မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဒေသခံများ ပူးပေါင်းဆောင်ရွက် လျက်ရှိပြီးလက်ရှိတွင်  အဆိုပါအစီအစဉ်ကို ဒိန်းမတ်-မြန်မာ စီမံကိန်းမှကူညီပံ့ပိုးထားသည့် ရေယာဉ်များဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ရေလုပ်ငန်းအပြင် အခြားအစားထိုး လုပ်ငန်းများ၊ သယံဇာတ ရေရှည်တည်တံ့ရေး လုပ်ငန်းများ၊ ငါးဖမ်းဆီးမှု လျှော့ချနိုင်စေရေးတို့အတွက် စစ်ဆေးထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်သည့်အတွက် တင်ပြခဲ့ကြောင်း အဆိုပါ စီမံကိန်းမှ ရေယာဉ်တည်ဆောက်လွှဲပြောင်းပေးအပ်ခဲ့ကာ SOP( စစ်ဆေးရေး လုပ်ငန်းများတွင်လုပ်ဆောင် ရမည့်လုပ်ထုံး လုပ်နည်းများ) ရေးဆွဲဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
‘’ လုပ်ဆောင်နေတဲ့ ဧရိယာတွေမှာ ကမ်းဝေးရေပြင်ဧရိယာမပါဘူး၊ ကမ်းဝေးရေပြင်မှာက တပ်မတော်(ရေ)ကို တာဝန်ပေးအပ်ထားတာဖြစ်ပါတယ်၊ ကမ်းနီးရေပြင်ကို စစ်ဆေးတဲ့ အခါမှာ အထူးသဖြင့် မြိတ်ခရိုင်အခြေပြု လုပ်ငန်းတွေကို ဆောင်ရွက်နေတာ ဖြစ်ပါ တယ်။ ကျွန်တော်တို့ကတော့ သတင်းအချက်အလက်တွေ ရရှိတာနှင့် ချက်ချင်းသွားဖို့ဆောင် ရွက်နေတဲ့ မစ်ရှင်ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကို ခွင့်ပြုထားတဲ့ ဒီဇယ်ဆီပမာဏ အပေါ်မူတည်ပြီး တစ်လကိုတစ်ကြိမ် အနည်းဆုံးဆောင်ရွက်နေပါတယ်’’  ဟု မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်မင်းဦးက ပြောသည်။

မြိတ်ခရိုင်အတွင်းရှိ ကမ်းနီးရေပြင်အတွင်း ကမ်းဝေးငါးဖမ်း လှေကြီးများ ဝင်ရောက် ငါးခိုးဖမ်းခြင်း၊ ကမ်းနီးလှေများက ကန့်သတ်ထားသည့် ငါးဖမ်းပိုက်များဖြင့် ငါးဖမ်းဆီးမှုများရှိနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။

စစ်ဆေးရေးရေယာဉ် နှစ်စင်းကို ဒိန်းမတ်-မြန်မာ စီမံကိန်းမှ ၂၀၂၂ ခုနှစ် အောက်တိုဘာလ အကုန်တွင် လွှဲပြောင်းပေးအပ်ခဲ့ပြီး ကမ်းနီးရေပြင်တစ်လျှောက် စစ်ဆေးရေးလုပ်ငန်းကို နိုဝင်ဘာလမှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တရားမဝင်ငါးဖမ်းဆီးမှုများနှင့်ပတ်သက်၍ အဖွဲ့စုံများဖြင့် တစ်လတစ်ကြိမ် အနည်းဆုံးစစ် ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်ဉီး(မြိတ်)