မတ်စကတ် ၁၃  ဖေဖော်ဝါရီ

ဆီးရီးယားနိုင်ငံအရှေ့ ခြမ်းရှိ အိုင်အက်စ် စစ်သွေးကြွများ ထိန်းချုပ်ထားသည့် နောက်ဆုံးခြေကုပ်နေရာကို ရှင်းလင်းရေး ကြိုးစားရာတွင် အမေရိကန်ထောက်ခံပေးထားသည့် ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ (အက်စ်ဒီအက်ဖ်) သည် အိုင်အက်စ်စစ်သွေးကြွများနှင့် အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

အက်စ်ဒီအက်ဖ် တပ်ဖွဲ့များသည် အိုင်အက်စ်စစ်သွေးကြွများ နောက်ဆုံး ထိန်းချုပ်ထားသည့် ကျေးရွာကို ရှင်းလင်းရန် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် မူစတာဖာဘာလီက လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားလိုက်သည်။

အက်စ်ဒီအက်ဖ်တပ်ဖွဲ့များဘက်က စတင်တိုက်ခိုက်နေပြီး တိုက်ပွဲကြီးကြီးမားမားရှိနေကြောင်း အက်စ်ဒီအက်ဖ် တပ်ဖွဲ့တပ်မှူးတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ လတ်တလောတွင် အီရတ်နယ်စပ်နှင့် ကပ်နေသည့် ဘာဂုဇ် ဒေသတွင် တိုက်ပွဲဖြစ်နေကြောင်း သိရသည်။

အဆိုပါဒေသတွင် တိုက်ပွဲအတွေ့အကြုံ ကောင်းကောင်းရှိသည့် အိုင်အက်စ် တိုက်ခိုက်ရေးသမား သုံးထောင်ခန့်ရှိမည်ဟု အက်စ်ဒီ အက်ဖ်တာဝန်ရှိသူများနှင့် ဗြိတိန် အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ခန့်မှန်းထားကြောင်း သိရသည်။ အများစုမှာ နိုင်ငံခြားသားများဖြစ်ကြောင်း သိရသည်။

ဆီးရီးယားအရှေ့ခြမ်းရှိ အိုင်အက်စ် တို့ကို ထိန်းချုပ်နိုင်ရေးအတွက် ကာ့ဒ်တပ်ဖွဲ့ ပြည်သူ့စစ်တွေနှင့်အတူ အက်စ်ဒီအက်ဖ်တပ်ဖွဲ့က စစ်ပြင်နေသောကြောင့် ဆီးရီးယား အရပ်သားနှင့် နိုင်ငံခြားသား နှစ်သောင်းကျော်သည် အဆိုပါဒေသမှ လွန်ခဲ့သည့် သီတင်းပတ်တွင် ထွက်ပြေးခဲ့ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။

အေအက်ဖ်ပီ