ဘရစ္စဘိန်း ၁၂ ဖေဖော်ဝါရီ

သြစတြေးလျ၌ စံချိန်တင် ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ပြီးနောက် သြစတြေးလျ၏ အကြီးဆုံး ကျွဲနွားမွေးမြူရေးကုမ္ပဏီက အကြီးအကျယ် နစ်နာဆုံးရှုံးမှုများရှိနိုင်ကြောင်း သတိပေးခဲ့သည်။

မွေးမြူထုတ်လုပ်သူများ၏ ပြောပြချက်အရ ကျယ်ပြောသည့် သြစတြေးလျ အရှေ့မြောက်ဒေသ၌ ကျွဲနွားကောင်ရေ ၃၀ဝ၀ဝ၀ ကျော် ရေနစ်သေဆုံးမှုနှင့် မျောပါမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ငါးနှစ်ကြာအောင် မိုးခေါင်ရေရှားမှု ဖြစ်ပွားခဲ့ပြီးနောက်တွင် ရက်သတ္တပတ် နှစ်ပတ်နီးပါးကြာအောင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုက ဖုန်ထူ၍ အလွန်ပူပြင်း ခြောက်သွေ့သည့် ကွင်းစလန်းဒေသကို ရွှံ့နွံများ ထူထပ်သွားစေခဲ့ရာ နွံထဲ၌ ရုန်းကန်ရသည့် ကျွဲနွားများကို ချည့်နဲ့စေခဲ့သည်။

ဒေသအတွင်း၌ စံချိန်တင်မိုးရွာသွန်းခဲ့ပြီးနောက် ကုမ္ပဏီက ပိုင်ဆိုင်သည့် မွေးမြူရေးခြံများအနက် လေးခုတို့တွင် ဆိုးဆိုးရွားရွား ထိခိုက်နစ်နာ ဆုံးရှုံးမှုများဖြစ်ခဲ့ရကြောင်း သြစတြေးလျ မွေးမြူရေးကုမ္ပဏီ (AACo)က ပြောကြားခဲ့သည်။

ကျွဲနွားများ ဆုံးရှုံးရမှုကြောင့် ကုမ္ပဏီ၏ဝင်ငွေကို ထိခိုက်လာနိုင်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။ သြစတြေးလျမိုးလေဝသ ဗျူရိုအဖွဲ့က ကွင်းစလန်း၏ အရှည်ဆုံးမြစ်၌ နှစ် ၅၀ အတွင်း အသိသာဆုံးရေလွှမ်းမိုးမှု ဖြစ်ပွားနေကြောင်း အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

အေအက်ဖ်ပီ