ပညာရေးဒီဂရီကောလိပ်ပေါင်းစုံအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကျင်းပ

မကွေး        ဇန်နဝါရီ    ၂၉
    
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပညာရေးဒီဂရီ ကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ(နေပြည်တော်)တွင် သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် မန္တလေးပညာရေးဒီဂရီကောလိပ်မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အားကစားပြိုင်ပွဲ ဇုန်(၁)ပြိုင်ပွဲ သို့ သွားရောက်ယှဉ်ပြိုင်မည့် မကွေးပညာရေးဒီဂရီကောလိပ်မှ အားကစားသမားများအား လမ်းညွှန် ဩဝါဒခံယူပွဲနှင့် အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းနားကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က မကွေး ပညာရေးဒီဂရီကောလိပ် ပညာ့ဗိမာန်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ၊ မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်မြင့်လှိုင်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ 
    
ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်ရေးအတွက် ဘက်စုံ ထောင့်စုံမှ ဆောင်ရွက်လျက်ရှိပြီး ပညာရေးကဏ္ဍကိုလည်း အထူးအလေးပေးဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း အဓိကအခန်းကဏ္ဍအနေဖြင့် ပါဝင်လျက်ရှိသောကြောင့် ဆရာ့အတတ်ပညာများအား ဂရုတစိုက် လေ့လာသင်ယူကြရမည်ဖြစ်ပြီး ဘက်စုံထူးချွန်သော ကျောင်းသား/သူများ မွေးထုတ်ပေးနိုင်ရေး အတွက် ဆရာ/ဆရာမများသည်လည်း ဘက်စုံထူးချွန်ကာ အရည်အချင်းပြည့်ဝရန် လိုအပ်ပါကြောင်း၊ ယခုအခါ ဘာသာရပ်အသီးသီးရှိ သင်ရိုးများတွင် ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး သင်ကြားလျက်ရှိပြီး အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ကိုယ်ကာယနှင့်ခန္ဓာကိုယ်များ ကျန်းမာကြံ့ခိုင်လာမှာဖြစ်သလို အဖွဲ့လိုက်လုပ်ဆောင်တတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ ဇွဲ လုံ့လရှိခြင်း၊ သည်းခံစိတ်ရှိခြင်းနှင့် ဖြောင့်မတ်ခြင်းအစရှိသည့် ကောင်းမွန်သည့်စိတ်ဓာတ်များအား လေ့ကျင့်ပျိုးထောင်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ပြီး ပညာရည်မြင့်မားရေးအတွက် အားကစားကဏ္ဍအား အလေးပေး ဆောင်ရွက် နေသလို အမျိုးသားအားကစားအဆင့်အတန်းမြင့်မားရေးနှင့် ထူချွန်ထက်မြက်သည့် အားကစား လူငယ်များ စဉ်ဆက်မပြတ် ပေါ်ထွက်လာရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အားကစားမောင်မယ်များအနေဖြင့် မိမိတို့ တိုင်းဒေသကြီး၏ဂုဏ်ကို ဆောင်ကာ အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြား သည်။ 
    
ဆက်လက်၍ မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက အားကစားအဖွဲ့ ဆောင်ရွက်ထားရှိသည့် အခြေအနေများအား တင်ပြရာတွင် ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်နိုင်ရေး အတွက် ၂၀၂၂ခုနှစ်၊ ကျောင်းတွင်းအားကစားပြိုင်ပွဲများဖြင့် လူရွေးပွဲများကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် အားကစားသမား (၆၂) ဦးအား (၁၄.၁.၂၀၂၃)ရက်နေ့မှ (၂၈.၁.၂၀၂၃)ရက်နေ့အထိ စခန်းသွင်း လေ့ကျင့်ခဲ့ပါကြောင်းနှင့် ပြိုင်ပွဲအမျိုးအစားများအနေဖြင့် အမျိုးသားဘောလုံး၊ အမျိုးသား/ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ၊အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အမျိုးသား/အမျိုးသမီးပြေးခုန်ပစ် ပြိုင်ပွဲတို့အား ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 
    
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် အောင်နိုင်ရေးအလံနှင့် ပြိုင်ပွဲဝင် အားကစားမောင်မယ်များအတွက် ထောက်ပံ့ငွေကျပ် သိန်း(၉၀)ခန့်အား ထောက်ပံ့ပေးအပ်ခဲ့ပြီး နောက် အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား တစ်ဦးချင်းနှင့် ယှဉ်ပြိုင် မည့် အားကစားအမျိုးအစားများအား မိတ်ဆက်ခဲ့ကြောင်းသိရသည်။ 
                                            
ကိုစည်သူ(မကွေး)