မိတ္ထီလာမြို့နယ်တွင် ရိုးရာရက်ကန်းပညာများ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အလုပ်အကိုင်အခွင့်အလှမ်း များ ရရှိစေရေး  ရက်ကန်းအတက်ပညာများ စဉ်ဆက်မပြတ်(အခမဲ့)ဖွင့်လှစ်သင်ကြားပေး

မိတ္ထီလာ၊ ဇန်နဝါရီ ၂၉
    
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်း နှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ ရိုးရာရက်ကန်းပညာများ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အလုပ်အကိုင်အခွင့်အလှမ်းများ ရရှိစေရေးအတွက်  ရက်ကန်းအတက်ပညာများ စဉ်ဆက်မပြတ် အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
    
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ ညောင်ဦးခရိုင်များရှိ မြို့နယ်များမှ ဒေသခံပြည်သူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေပြီး လုပ်ငန်းရှင်များ အတက်ပညာရှင် များအဖြစ် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆောင်ရွက်နိုင်ပြီး အိုးမကွာအိမ်မကွာ ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်ရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ တိုးပွားလာစေရန်နှင့် တစ်ဦးချင်း ဝင်ငွေတိုးပွားလာ ပြီး မိသားစုဝင်ငွေကို အထောက်အကူဖြစ်စေ၍ လူမှု့ဘဝဖွံ့ဖြိုးတိုးတက်စေကာ ဆင်းရဲမှုလျော့ချရေးတို့ အတွက်  ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ အသက်မွေးဝမ်းကျောင်း အထောက် အကူပြု ပညာရပ်များကို နှစ်စဉ် အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာသည်။ ထိုသို့  ဖွင့်လှစ်သင်ကြားပေး လျက်ရှိရာ သင်တန်းကျောင်း(မိတ္ထီလာ)တွင် ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူတစ်နှစ်သင်တန်းနှင့် လက်ရက်ကန်း ခြောက်လသင်တန်းတို့အပြင် ကာလတိုသင်တန်းများဖြစ်သည့် စက်မောင်းစက်ပြင် သင်တန်း၊ အခြေခံစက်ချုပ်သင်တန်း၊ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း၊ အခြေခံ သံဂဟေဆက်နည်းပညာသင်တန်း၊ သစ်သီးဝလံအခြေခံစားသောက်ကုန်သင်တန်းနှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းတို့ကို ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။
    
ယင်းတို့ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာမှ ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်း ကို ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလအကုန်အထိ စက်ရက်ကန်း၊ ဆေးဆိုး၊ လက်ရက်ကန်း၊ တိုင်းရင်းသား ရိုးရာဂျပ်ခုတ်၊ အထည်ဒီဇိုင်း၊ အထည်သင်္ချာ၊ စက်ချည်မျှင်ဆွဲ၊ အမျှင်ကုန်ကြမ်းဘာသာရပ်များနှင့် စက်ချုပ် နည်းပညာကို သင်တန်းသား သင်တန်းသူ ၂၀ ဦးဖြင့် နေ့စဉ် နံနက် ၈နာရီမှ ညနေ ၄ နာရီအချိန်အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိသည်။ ၎င်းအပြင် လက်ရက်ကန်း ခြောက်လသင်တန်းကို လက်ရက်ကန်း၊ ဆေးဆိုး၊ အထည်ဒီဇိုင်း၊ အထည်သင်္ချာ၊ လက်ချည်မျှင်ဆွဲဘာသာရပ်များကို ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လအကုန်အထိနှင့် ဇူလိုင်လ ၁ ရက်နေ့မှ ဒီဇင်ဘာလအကုန်အထိ တစ်နှစ် နှစ်ကြိမ်ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ ၎င်းသင်တန်းကို သင်တန်းသားသင်တန်းသူ ၁၀ ဦးဖြင့် ဖွင့်လှစ်သင်ကြား ပေး လျက်ရှိသည်။
    
အဆိုပါ   ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ် သင်တန်းနှင့်  လက်ရက်ကန်း ခြောက်လ သင်တန်းများတွင်  သင်တန်းတက်ရောက်သူများအနေဖြင့် အသက် ၁၆ နှစ်မှ ၂၅နှစ်အတွင်း အိမ်ထောင် မရှိသူဖြစ်ရမည့်အပြင် ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ် သင်တန်းတက်ရောက်လိုသူများမှာ အလယ်တန်းအောင်ရမည်ဖြစ်ပြီး လက်ရက်ကန်း ခြောက်လသင်တန်း တက်ရောက်သူများမှာ မူလတန်း အောင်မြင်ရမည်ဖြစ်သည်။ 


သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းရှိ အဆောင်တွင် အခမဲ့နေထိုင်ခွင့်ပြုသည့်အပြင်  ပညာသင်ထောက်ပံ့ကြေး တစ်လလျှင် ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ပေးလျက်ရှိသည်။ ၎င်းအပြင် သင်တန်းတက်ရောက်ပြီးပါက နိုင်ငံတော်ပိုင်/ ပုဂ္ဂလိကပိုင် ချည်မျှင်နှင့် အထည်အလိပ်စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန်နှင့် ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်သည့်အထိ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင်ထံမှ သိရသည်။
                     
သိန်းမြင့်ကျော်(မိတ္ထီလာ)