ပုဇွန်တောင်မြို့နယ်၌ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် အသက် (၅) နှစ်မှ (၁၂) နှစ် အတွင်းရှိ ကျောင်းသား/ကျောင်းသူများ ကိုဗစ် -၁၉ ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပေး 

ပုဇွန်တောင် ဇန်နဝါရီ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ယူကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် -၁၉ ရောဂါ အန္တရာယ်မှ ကာကွယ် နိုင်ရန်အတွက် အသက် (၅) နှစ်မှ (၁၂) နှစ်အထိ (KG မှ Grade 5) ကျောင်းသား/ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကာကွယ်ဆေး  တတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 အဆိုပါကာကွယ်ဆေးထိုးခြင်းအား ပုဇွန်တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကြီးကြပ်မှုကော်မတီ၊ ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ  ဒေါက်တာဇင်နွယ်ဦး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများပူးပေါင်းကာ ယမန်နေ့နံနက်  ၉ နာရီက အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းတွင် ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသူ/သားများ ကိုဗစ်ရောဂါကင်းစင်၍ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ပညာသင်ယူနိူင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များက ကြည့်ရှုအားပေးခဲ့သည်။ ကာကွယ်ဆေးထိုးနှံပေးရာတွင် ပုဇွန်တောင်မြို့နယ်အတွင်းရှိ အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား/ ကျောင်းသူ (၂၅၈) ဦးအား စနစ်တကျ နေရာချထားပြီး ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်