ဇမ္ဗူသီရိမြို့နယ်အတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရေး ပရိတ်တရားတော်များ ဆက်လက်ရွတ်ဖတ်    ပူဇော်

ဇမ္ဗူသီရိ ဇန်နဝါရီ ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း (၇) ရက် သားသမီးများ အေးချမ်း သာယာပြီးဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် အတွင်း အောင်ခြင်းရှစ်ပါးပါဠိတော်၊ အပြင် အောင်ခြင်းရှစ်ပါးပါဠိတော်၊ ဓဇဂ္ဂသုတ်အပါအဝင် အန္တရာယ်ကင်း ပရိတ်တရားတော်များ၊ ပဋ္ဌာန်း ဒေသနာတော်များအား ရွတ်ဖတ်ပူဇော်ခြင်းကို ယနေ့ နံနက် (၈) နာရီတွင် မြိုနယ်အတွင်းရှိသတ်မှတ်နေရာအသီးသီးတွင် ဆက်လက်ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ 
        
ထိုသို့ရွတ်ဖတ်ပူဇော်ရာတွင် အောင်ဇမ္ဗူရပ်ကွက်အတွင်းရှိ မဟာဝိဟာရကျောင်းတိုက်၊ သုခသိဒ္ဓိရပ်ကွက်အတွင်းရှိ သိဒ္ဓိရတနာကိုင်းကလေးကျောင်းတိုက်၊ ရွှေကြာပင်ရပ်ကွက်အတွင်းရှိ နန်းဦးကျောင်းတိုက်၊ ဗလသိဒ္ဓိရပ်ကွက်၊ ဉာဏသိဒ္ဓိရပ်ကွက်နှင့် ပညာသိဒ္ဓိရပ်ကွက်အတွင်းရှိ ဓမ္မာရုံများ၌ မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်များပါဝင်၍ ဆရာတော် သံဃာတော်များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဝတ်ရွတ်အသင်းများနှင့် ဒေသခံပြည်သူများက သက်ဆိုင်ရာ မြို့နယ်များအလိုက် တစ်ချိန်တည်း တစ်ပြိုင်တည်း ရွတ်ဖတ် ပူဇော်ခဲ့ကြပြီး ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
    
ထို့နောက် ဇမ္ဗူသီရိမြို့နယ်အတွင်း ဘုရားဖူးလာ ရဟန်းသံဃာတော်များနှင့် အများ ပြည်သူများ စိတ်အေးချမ်းသာစွာ တရားဘာဝနာပွားများပြီး ဖူးမြော်ကြည်ညိုနိုင်စေရန်အတွက် ဌာန ဆိုင်ရာများနှင့် ဒေသခံပြည်သူများက ဘုရားစေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကုသိုလ်ပြုစုပေါင်းဆောင်ရွက်ခဲ့ကြပြီး စခန်းသာကျောင်းတိုက် ချမ်းသာပေး မြတ်စေတီတွင် ထုံးသင်္ကန်းများ ကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)