ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ နှင့် ထိုင်းနိုင်ငံ အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှု ပညာရေးဝန်ကြီး H.E. Prof. Anek Laothamatas တို့တွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၃၀

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ထိုင်းနိုင်ငံ အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှု ပညာရေးဝန်ကြီး H.E. Prof. Anek Laothamatas နှင့် ထိုင်းနိုင်ငံပညာရေးကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။ 

တွေ့ဆုံစဉ် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက  ထိုင်းနိုင်ငံရှိ တက္ကသိုလ်များနှင့် မြန်မာတက္ကသိုလ်များအကြား ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ နှစ်နိုင်ငံတက္ကသိုလ်များအကြား နားလည်မှုစာချွန် လွှာပေါင်း ၆၀ ခန့် လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ ကျောင်းသားဖလှယ်ရေး၊ ဆရာဖလှယ်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး  အစီအစဉ်များ၊ သုတေသန ပူးပေါင်းဆောင်ရွက်မှုများ၊ သုတေသန စာတမ်းဖတ်ပွဲများ၊ ညီလာခံများ၊ ဆွေးနွေးပွဲများကို ပိုမိုအားပေး ဆောင်ရွက်လိုပါကြောင်း၊ ယခုခရီးစဉ်တွေ့ဆုံမှုမှ အစပြု၍ အဏုဇီဝဗေဒ၊ အဏ္ဏဝါသိပ္ပံ၊ စားသောက်ကုန်ပညာ၊ စိုက်ပျိုး မွေးမြူရေးပညာ၊ ငါးလုပ်ငန်းပညာ၊ ရာသီဥတုပြောင်းလဲမှု လေ့လာရေးပညာ၊ ခရီးသွား လုပ်ငန်းပညာ၊ ဘာသာစကားသင်ကြားသင်ယူမှု၊ ဆရာအတတ်ပညာ၊ နည်းပညာသုံး သင်ကြားမှုနည်းစနစ်များ၊ သင်ကြားမှုအရည်အသွေး ထိန်းသိမ်းမှု၊ အရည်အသွေး အာမခံမှု စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း ပြောကြားသည်။ 

ထိုင်းနိုင်ငံ အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှု ပညာရေးဝန်ကြီးက မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနသို့ လာရောက်သောခရီးစဉ်သည် နှစ်နိုင်ငံဝန်ကြီးဌာန အချင်းချင်းချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ပညာရပ် နယ်ပယ်များကို သိရှိနိုင်ရန် လာရောက်ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ တက္ကသိုလ်များ အတွက် လိုအပ်မည့်ကဏ္ဍများတွင် ပူးပေါင်းကူညီနိုင်ပါကြောင်း ၊ မိမိတို့ဝန်ကြီးဌာနနှစ်ခု အကြား ဆက်သွယ်ပူးပေါင်းမှု ကွန်ယက်တည်ဆောက်ကြမည်ဖြစ်ပါကြောင်း ပြောကြားသည်။ 

ဆက်လက်၍ တက်ရောက်လာသူများက ပညာရေးတိုးတက်မှုဆောင်ရွက်နေခြင်းနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းပြောကြားကာ ဝန်ကြီးဌာန အဆင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေးကိစ္စကို ဆွေးနွေးကြသည်။ ထို့နောက် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်