နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Anatoly Bulochnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်ဂါရဝပြုတွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၃၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ရုရှား - မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Anatoly Bulochnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာကံဇော်၊ ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှား - မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း  ဒုတိယဥက္ကဋ္ဌနှင့်အတူ ကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အမြင်ချင်းဖလှယ်ဆွေးနွေး

ထိုသို့တွေ့ဆုံရာတွင် မြန်မာ - ရုရှား နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့်  ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာမှု  အခြေအနေများ၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များနှင့် နည်းပညာဆိုင်ရာ ကိစ္စရပ်များတွင် ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် နှစ်နိုင်ငံအကြား တိုက်ရိုက် လေကြောင်းပျံသန်းရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံထုတ်ကုန်များ အပြန်အလှန်တင်ပို့နိုင်သည့် အခြေအနေများ၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုများ ယခုထက် ပိုမိုတိုးတက်စေရေးနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်အောင် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

မှတ်တမ်းတင်ဓာတ်ပုံရိုက်

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း  ဒုတိယဥက္ကဋ္ဌတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး  မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်