ဘားအံ ၁၃ ဖေဖော်ဝါရီ
ကရင်ပြည်နယ် ဘားအံမြို့ သံလွင်မြစ်အနောက်ဘက်ကမ်းရှိ မုက္ကဒိကျေးရွာနှင့် သံလွင်မြစ်ရေလယ်၊ ဖားနွဲ့ကျွန်းပေါ်ရှိ ဖားနွဲ့ ကျွန်းကျေးရွာတို့ကို ဆက်သွယ်သော မုက္ကဒိ-ဖားနွဲ့ကျွန်း လူကူး ကြိုးတံတား (အိပ်မက်တံတား) ဖွင့်ပွဲကို ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) နံနက် ၉ နာရီက အဆိုပါတံတား တည်နေရာတွင် ကျင်းပသည်။
မုက္ကဒိ-ဖားနွဲ့ကျွန်း လူကူးကြိုးတံတား (အိပ်မက်တံတား) ကို ၂၀၁၇-၂၀၁၈ ခုနှစ် အမျိုးသား သဘာဝဘေးအ္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေကျပ် သန်း ၃၀ဝ၊ ကရင်ပြည်နယ်အစိုးရ အဖွဲ့ ရန်ပုံငွေကျပ်သန်း ၁၃၀ တို့ဖြင့် ချဉ်းကပ်လမ်းတစ်ဖက်လျှင် ပေ ၁၂၀ ပါဝင်သော အရှည်ပေ ၆၄၀၊ အကျယ် ခြောက်ပေ၊ သံကူကွန်ကရစ်အုတ်မြစ်၊ Steel Deck ကြမ်းခင်း၊ ရေလမ်း ကင်းလွတ်အမြင့် ငါးပေဖြင့် Asia Capital Alliance Co, Ltd မှ တာဝန်ယူ တည်ဆောက်ထားခြင်းဖြစ်ပြီး ယခင်က အရှည်ပေ ၃၅၀ ခန့်ရှိ သစ်ဝါးတို့ဖြင့် ယာယီတံတားတစ်စင်းကို ဒေသခံကျေးရွာသူ ကျေးရွာသားများ တည်ဆောက်ထားရှိရာ မိုးတွင်းကာလ ရေစီးသန်မှုကြောင့် သံလွင်မြစ်အတွင်း နှစ်စဉ် မျောပါခဲ့ရသောကြောင့် ဖားနွဲ့ကျွန်းကျေးရွာ၏ အဓိက စိုက်ပျိုး ရေး ထွက်ကုန်များကို တင်ပို့ရောင်းချရာတွင်လည်းကောင်း၊ ကျေးရွာ၏ စီးပွားရေး၊ ကျန်းမာရေးနှင့် လူမှုရေးကဏ္ဍများတွင် လည်းကောင်း၊ ဖားနွဲ့ကျွန်းကျေးရွာမှ ကျောင်းသား ကျောင်းသူ များသည် တစ်ဖက်ကမ်း မုက္ကဒိကျေးရွာအထက်တန်းကျောင်း သို့ သွားရောက်၍ စာသင်ရသည့်အတွက် မိုးရာသီတွင် ရေစီး သန်သည့် သံလွင်မြစ်ကို လှေ၊ ဖောင်တို့ဖြင့် ဖြတ်ကူးရာတွင် အ္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ရခြင်းတို့ကြောင့် အများ ပြည်သူတို့၏အကျိုးကိုရှေးရှု၍ မုက္ကဒိ-ဖားနွဲ့ကျွန်း လူကူးကြိုး တံတား (အိပ်မက်တံတား)ကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
တံတားဖွင့်ပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အမှာစကား ပြောကြားပြီး ကျေးရွာသူ ကျေးရွာသားများကိုယ်စား ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်း ခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်နှင့် ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးတို့က မုက္ကဒိ-ဖားနွဲ့ကျွန်း လူကူး ကြိုးတံတား (အိပ်မက်တံတား)ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး၍ အဆိုပါတံတားပေါ်မှ ဖြတ်သန်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


