ရန်ကုန် ၁၃ ဖေဖော်ဝါရီ
ရန်ကုန်တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာနမှူးရုံး လက်အောက်ရှိ EMS စာတိုက် လုပ်ငန်းစုနှင့် မြန်မာ့စာတိုက် လုပ်ငန်းစုတို့တွင် တရားမဝင် ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီး စာတိုက်လုပ်ငန်းစု၌ တားဆီးမှုတစ်မှု ခန့်မှန်းတန်ဖိုးငွေ ကျပ်သန်းပေါင်း တစ်ထောင်ခန့်ကို ဖမ်းဆီးရမိကြောင်း သိရသည်။
ထူးခြားဖမ်းဆီးမှု အနေဖြင့် ဖေဖော်ဝါရီ ၁၁ ရက်က မြန်မာ့စာတိုက် လုပ်ငန်းစု၌ ဂျာမနီနိုင်ငံမှ ပေးပို့လာသော ပါဆယ် အမှတ် ARP-252 ကို ပစ္စည်းပိုင်ရှင် ကျော်ဇေယျက လာရောက်ထုတ်ယူရာ အကောက်ခွန် ဦးစီးဌာနမှ တာဝန်ကျ အကောက်ခွန် အရာရှိနှင့်အတူ စာတိုက်ဝန်ထမ်းတို့က မျက်မြင်ဖွင့်ဖောက်စစ်ဆေးစဉ် ပါဆယ်ထုပ်အတွင်းမှ မသင်္ကာဖွယ်ရာ ဆေးထုပ်ငါးထုပ်ကို တာဝန်ကျအကောက်ခွန်အရာရှိက တွေ့ရှိခဲ့သဖြင့် စက်ဖြင့်စစ်ဆေးရာ "MDMA"ဟု စစ်ဆေး တွေ့ရှိရသည်။ ယင်းနောက် ကျောက်တံတားရဲစခန်းနှင့် မူးယစ်တပ်စု-၄၂ သို့ အကြောင်းကြား၍ ထပ်မံစစ်ဆေးခဲ့ရာ"MDMA" (Ecstasy)ဟု ယူဆရသော ပန်းရောင် ဆေးပြားများဖြစ်ကြောင်း အတည်ပြု၍ တာဝန်ကျအကောက်ခွန်အရာရှိက အမှုတွဲဖွင့်လှစ်ခဲ့သည်။ အဆိုပါ "MDMA" (Ecstasy)ဟု ယူဆရသော ပန်းရောင်ဆေးပြား ငါးထုပ် အလေးချိန် (8.75) kg ၊ ခန့်မှန်းတန်ဖိုး ငွေကျပ် သန်းပေါင်းတစ်ထောင်ခန့်နှင့် ပစ္စည်းပိုင်ရှင် ကျော်ဇေယျတို့ကို မူးယစ်တပ်စု-၄၂ နှင့် ကျောက်တံတားရဲစခန်းသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း အကောက်ခွန်ဦးစီးမှ သိရသည်။
MDN