မြန်မာ့ပဒေသရာဇ် ခေတ်နှောင်းကာလ နယ်ချဲ့ကိုလိုနီစနစ်အား တွန်းလှန်ရန် ရုရှားနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေးတည်ထောင်ရေး ကြိုးပမ်းခဲ့မှုများ

မောင်လွင်မြင့်

(ယမန်နေ့မှအဆက်)

၁၈၇၅ ခုနှစ်တွင် နိုင်ငံတကာရေးရာနှင့်ပတ်သက်၍ အတွေ့အကြုံရှိသူ ရုရှားလူမျိုး မစ္စတာ ဂျီနဲနူကောဗ့် (Mr. G.Neniukov)အား မြန်မာ - ရုရှား ဆက်ဆံရေး အကျိုးဆောင်အဖြစ် ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် ချဉ်းကပ်ခဲ့သည်။ ၎င်း၏ အရှေ့တိုင်းခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံ၏ အဓိကမြို့ကြီးများကို သွားရောက် လည်ပတ်ခဲ့ပြီးနောက် ၁၈၇၅ ခုနှစ် အစောပိုင်းတွင် မန္တလေးမြို့ရှိ အင်္ဂလိပ် ကိုယ်စားလှယ် ကပ္ပတိန်စထရိုဗာ (Captain Strover) ထံ ရောက်ရှိလာခဲ့သည်။ အင်္ဂလိပ်ကိုယ်စားလှယ်၏ အိမ်တွင်သာတည်းခိုခဲ့ပြီး မင်းတုန်းမင်း ရှေ့တော်သို့လည်း ဝင်ခဲ့သည်။ 

ဧည့်သည်များအကြား အပြန်အလှန် ဧည့်ဝတ်ကျေပွန်မှု ဖလှယ်ရန်သာအကြံပြုခဲ့

မင်းတုန်းမင်းက အလည်အပတ် လာရခြင်း၏ ရည်ရွယ်ချက်၊ မူရင်း တိုင်းပြည်နှင့် အမှုထမ်းသက် အစရှိသည်တို့ကို မေးမြန်းခဲ့သည်။ မစ္စတာ ဂျီ နဲနူကောဗ့်သည် မင်းတုန်းမင်း၊ ကင်းဝန်မင်းကြီးတို့နှင့် ရုရှား-မြန်မာ ဆက်ဆံရေးအတွက် ဆွေးနွေးခဲ့ကြပြီး ကင်းဝန်မင်းကြီးက မစ္စတာဂျီနဲနူကောဗ့်ကို ရုရှား နိုင်ငံခြားရေးဝန်ကြီးထံသို့ စာတစ်စောင် သယ်သွားပေးရန် တောင်းဆိုခဲ့သည်။ 

ပြင်သစ်ဘာသာဖြင့် ရေးသားထားသော အဆိုပါစာတွင် “ရုရှားဘုရင် အလက်ဇန်းဒါး- ၂နှင့် ကြီးကျယ်ခမ်းနားသော ရုရှားနိုင်ငံနှင့် လူမျိုးတို့အပေါ် မင်းတုန်းမင်းကြီး၏ ခင်မင်ရင်းနှီးသော ခံစားချက်များ၊ တစ်နေ့တွင် ချစ်ကြည်ရင်းနှီးပြီး နှစ်ဖက်အပြန်အလှန် အကျိုးရှိသော ရုရှား-မြန်မာ ဆက်ဆံရေးကို ထူထောင်လိုသည့် ဆန္ဒများ” ကို ဖော်ပြခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး အလက်ဇန်းဒါး ဂေါ်ချာကော့ဖ်က ဇာဘုရင် အလက်ဇန်းဒါး -၂ ထံသို့ ထိုပေးစာကို ပြသခဲ့သော်လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး၏ ၁၈၇၆ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ ပြန်ကြားချက်တွင် မည်သည့် တရားဝင်သံတမန် ဆက်ဆံရေး ထူထောင်မှုကိုမျှ ရည်ညွှန်းခဲ့ခြင်းမရှိဘဲ ဧည့်သည်များအကြား အပြန်အလှန် ဧည့်ဝတ်ကျေပွန်မှု ဖလှယ်ရန်သာ အကြံပြုခဲ့သည်။ 

ရုရှားနှင့် မြန်မာနိုင်ငံအကြား ချစ်ကြည်ရေးကို စိတ်အားအထက် သန်ဆုံး အပြင်းအထန်မြှင့်တင်ပေးသူမှာ အရှေ့တိုင်းအကြောင်း စာရေးသော ရုရှားလူမျိုး ခရီးသွားတစ်ဦးဖြစ်သူ မစ္စတာပီအိုင်ပါရှင်နို( Mr. P.I. Pashino)ဖြစ်ပြီး ရုရှားအင်ပါယာအနေဖြင့် အရှေ့တောင်အာရှတွင် အထူးအခန်းကဏ္ဍမှ ပါဝင်နိုင်သည်ဟု ယုံကြည် ထားသူတစ်ဦးဖြစ်သည်။ ၎င်းသည် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှ ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ပါရှားတွင် ၁၈၆၁ ခုနှစ်နှင့် တာကစ်စတန်တွင် ၁၈၆၆-၁၈၆၇ ခုနှစ်တို့၌ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ 

ဆိုဗီယက် စာရေးဆရာများက ၎င်းကို ရုရှားနိုင်ငံ၏ ဗဟိုအာရှ ကိုလိုနီ ပြုရေးလှုပ်ရှားမှုကို ဝေဖန်သူအဖြစ် သတ်မှတ်ကြသည်။ မစ္စတာပီအိုင်ပါရှင်နို သည် အီဂျစ်၊ အိန္ဒိယ၊ မလေး၊ တရုတ်၊ ဂျပန်တို့ပါဝင်သည့် ၎င်း၏ ကမ္ဘာလှည့် ခရီးစဉ်အတွင်း မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ၁၈၇၆ ခုနှစ်တွင် ရောက်ရှိခဲ့သည်။ ဘုရင်နန်းစိုက်ရာ မန္တလေးမြို့သို့ ဆန်တက်သည့် ဧရာဝတီမြစ်ရိုးတစ်လျှောက်တွင် စိမ်းလန်းစိုပြည်သော အပူပိုင်းဒေသ သဘာဝပေါက်ပင်များ၊ တစ်မူထူးခြားသော ရွာများ၏ ရှုခင်းနှင့် မြို့တော်ဟောင်း အမရပူရ၏ သပ္ပာယ်လှသော ဘုရားများနှင့် စေတီပုထိုးများကို တွေ့ခဲ့ရသည်။ မြန်မာနိုင်ငံရှိ နယ်ပယ်အမျိုးမျိုးမှ လူများနှင့် တွေ့ဆုံအပြီးတွင် ဗြိတိသျှ တို့၏ ထိန်းချုပ်မှုကြောင့် အကျပ်အတည်း တွေ့ကြုံရသော မြန်မာတို့အပေါ် စာနာစိတ်ဝင်ခဲ့သည်။ မင်းတုန်းမင်းနှင့် တွေ့ဆုံအပြီးတွင် မင်းတုန်းမင်းကို အလွန်နှစ်သက်ခဲ့ပြီး ဥရောပဓလေ့ထုံးတမ်းများနှင့် အကျွမ်းဝင်သော အဆင့်မြင့် ပညာတတ်တစ်ဦးအဖြစ် ဖော်ပြခဲ့သည်။

တရုတ်နယ်စပ်သို့ မီးရထားလမ်းဖောက်လုပ်ရန် အကြံပြု

၎င်းနေထိုင်စဉ် ကာလအတွင်း မစ္စတာပီအိုင်ပါရှင်နိုသည် မင်းတုန်းမင်း ကို ရုရှားနိုင်ငံနှင့် သံတမန်ရေးရာ ဆက်သွယ်ရာတွင် မည်သို့ဆောင်ရွက်ရမည်ကို အကြံပြုခဲ့ရုံသာမက မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး လွတ်လပ်မှုတို့ကို ထိန်းသိမ်းရန် နည်းလမ်းများကိုပါ အကြံပြုခဲ့သည်။ ဗြိတိသျှတို့က ပင်လယ်ဆိပ်ကမ်းများနှင့် အောက်မြန်မာပြည်ကို ထိန်းချုပ်ထားသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာနှင့် ကုန်သွယ်ဆက်ဆံရေးအတွက် အရှေ့မြောက်အရပ်ရှိ တရုတ်နယ်စပ်သို့ မီးရထားလမ်းဖောက်လုပ်ရန် အကြံပြုခဲ့သည်။ 

ရေရှည်အနေဖြင့် ထိုရထားလမ်းမှသည် တရုတ်ကိုဖြတ်၍ ရုရှားနိုင်ငံနှင့် ချိတ်ဆက်မိရန် မျှော်လင့်ခဲ့သည်။ မစ္စတာပီအိုင်ပါရှင်နိုသည် မြန်မာနိုင်ငံ  ကြုံတွေ့နေရသော အခြေအနေများနှင့် ၎င်း၏ခရီးစဉ်အကြောင်းကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသို့ အစီရင်ခံစာ တစ်စောင်ရေးတင်ခဲ့သည့်အပြင် ထင်ရှားသော ဂျာနယ်များတွင်ပါ အောက်ပါအတိုင်း ရေးသားခဲ့သည် - 
“အာရှတိုက်သားများအတွက် ရုရှားနိုင်ငံဟာ ဆွဲဆောင်မှုတစ်မျိုးရှိတယ်။ တိုင်းတစ်ပါး နယ်ချဲ့တွေရဲ့အုပ်ချုပ်မှုအောက်ကနေ ရုရှားနိုင်ငံက ကယ်တင်လိမ့်မယ်ဆိုတဲ့ ယုံကြည်မှုဟာ အာရှပြည်သူအများစုကြားမှာ ဘယ်အချိန်ကစပြီး ပေါ်ပေါက်လာခဲ့တယ်ဆိုတာ မသိပါဘူး။ မြန်မာဘုရင် မင်းတုန်းမင်း ဟာ ဒီအမြင်ကို စိတ်အားထက်သန်စွာ ထောက်ခံသူတစ်ဦးဖြစ်ပြီး မဟာပီတာ (Peter the Great)ရဲ့ သမိုင်းကိုတောင် သူ့အတွက် ဘာသာပြန်ဆိုစေခဲ့၊ အသေးစိတ်လေ့လာခဲ့သူ ဖြစ်ပါတယ်။” 

၁၈၇၆ ခုနှစ် နိုဝင်ဘာတွင် မင်းတုန်းမင်းနှင့် ကင်းဝန်မင်းကြီးတို့က ရုရှား နိုင်ငံခြားရေးဝန်ကြီး အလက်ဇန်းဒါး ဂေါ်ချာကော့ဖ် (Alexander Gorchakov)နှင့် ရုရှားစစ်ဘက်ရေးရာဝန်ကြီး ဒီမီထရီမီလီယူတင် (Dmitry Milyutin)တို့ထံသို့ ပေးပို့သည့် စာနှစ်စောင် ကို မစ္စတာပီအိုင်ပါရှင်နိုထံသို့ အပ်နှံခဲ့သည်။ ပထမစာတွင် ရုရှားနှင့် မြန်မာနိုင်ငံတွင် ကောင်စစ်ဝန်ရုံးများ တည်ထောင်ရန် တောင်းဆိုခဲ့ပြီး မြန်မာအစိုးရ၏ ဖော်ရွေမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို သက်သေပြသည့်အနေဖြင့် ရုရှားခရီးသွား များအပေါ် ဧည့်ဝတ်ကျေပွန်မှုများကို အကိုးအကားပြခဲ့သည်။ ဒုတိယစာတွင် မြန်မာလူငယ်များအား ရုရှားနိုင်ငံရှိ စစ်သင်တန်း ကျောင်းများတွင် တက်ရောက်ရန် တရားဝင်ခွင့်ပြုချက် တောင်းခံထားပြီး မြန်မာအစိုးရ၏ လက်နက်ထုတ်လုပ်ရေးနှင့် စစ်ဘက် ဆိုင်ရာညွှန်ကြားမှုများတွင် ကူညီရန် စွမ်းရည်ရှိသော ရုရှားအရာရှိတစ်ဦးကို စေလွှတ်ပေးရန် တောင်းဆိုခဲ့သည်။ 

ထိုစာကို ရရှိသည့်အချိန်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန အာရှဌာနတွင် အလုပ်လုပ်နေသည့် မစ္စတာအင်န်ဂျီ ဂျီယာ့စ် (နောင်တွင် နိုင်ငံခြားရေးဝန်ကြီး Mr. N. G. Giers) (၁၈၈၂-၁၈၉၅) က မြန်မာ၏တောင်းဆိုချက်သည် ဗြိတိသျှတို့ကို ထိတ်လန့်သွားစေနိုင်ကြောင်း သတိပေးပြောကြားခဲ့ပြီး ပြန်စာကို မြန်မာ၏ တောင်းဆိုမှုနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များ သိရှိရသည်အထိ ဆိုင်းငံ့ထားရန် ရုရှားစစ်ဘက်ရေးရာဝန်ကြီး ဒီမီထရီမီလီယူတင်ကို အကြံပြုခဲ့သည်။

သို့သော်လည်း နိုင်ငံခြားရေးဝန်ကြီးသည် မစ္စတာအင်န်ဂျီ  ဂျီယာ့စ်နှင့်တိုင်ပင် ပြီးနောက် ရုရှားကာကွယ်ရေးဝန်ကြီး ဒီမီထရီမီလီယူတင်အား ကင်းဝန်မင်းကြီး ထံသို့ သင့်လျော်စွာ အကြောင်းပြန်စေခဲ့သည်။ ထိုပြန်စာတွင် ရုရှားအနေဖြင့် မြန်မာလူငယ်များကို သိပ္ပံနှင့် စက်မှု ပညာများသင်ကြားရန် ဖော်ရွေစွာကြိုဆို သွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ သည်။ သို့သော် မည်သည့်အကြောင်း ကြောင့်မှန်းမသိ ဤအဆိုပြုချက်ကို အကောင်အထည် မဖော်နိုင်ခဲ့ပေ။ ဤအချိန်တွင် ပြင်သစ်တို့သည် မြန်မာ့အရေးတွင် ပိုမိုတက်ကြွသော အင်အားစုတစ်ခုအဖြစ် ပေါ်ထွန်းလာခြင်းကြောင့် အုပ်ချုပ်သူ အသိုင်းအဝိုင်းများအနေဖြင့် သံတမန်ရေးအကူအညီအတွက် ပြင်သစ်တို့ထံမှ နည်းလမ်းရှာဖွေရန် အလေးသာခဲ့ဟန်ရှိသည်။ ရုရှားအရာရှိများသည် မြန်မာနိုင်ငံကို ပထဝီဝင်အနေအထားအရ ရုရှားအင်ပါယာမှ ဝေးကွာလွန်းသည်ဟု ရှုမြင်နေကြဆဲဖြစ်ပြီး မြန်မာ့အရေးတွင် ပါဝင်ပတ်သက်မှုကြောင့် ဗြိတိန်၊ ပြင်သစ်တို့နှင့် နားလည်မှုလွဲမှားမည်ကို စိုးရိမ်ခဲ့ကြသည်။

ဥရောပနှင့် ရုရှားတို့၏ အကူအညီကို ပြတ်ပြတ်သားသား တောင်းခံခဲ့
မင်းတုန်းမင်းသည် နတ်ရွာစံချိန် (၁၈၇၈ ခုနှစ်)အထိ ရုရှားနိုင်ငံနှင့် ဆက်ဆံရေးထူထောင်ရန် ကြိုးပမ်းခဲ့ပြီး မဟာပီတာအပေါ် လေးစားမှုကို ပြသ ခဲ့သည်။ ၎င်းကို ဆက်ခံသူ သီပေါမင်း (၁၈၇၈-၁၈၈၅) သည် ဗြိတိသျှတို့၏ ထိန်းချုပ်မှုကို တန်ပြန်ရန် ဥရောပနှင့် ရုရှားတို့၏ အကူအညီကို ပြတ်ပြတ် သားသား တောင်းခံခဲ့သော်လည်း ၁၈၈၀ ပြည့်နှစ်ကာလများအစတွင် မြန်မာ ဘုရင်စနစ်၏ ဩဇာအာဏာ အားနည်း သွားခြင်းနှင့် ၁၈၈၅ ခုနှစ်တွင် စီးပွားရေးအကျပ်အတည်းများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အထက်မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ခဲ့၍ ကုန်းဘောင် မင်းဆက် ဆုံးခန်းတိုင်ခဲ့ရသည်။

မြန်မာနိုင်ငံ ဗြိတိသျှကိုလိုနီဖြစ်ပြီးနောက်တွင်ပင် ရုရှားခရီးသွားများသည် မြန်မာနိုင်ငံသို့ ဆက်လက်သွားရောက်ခဲ့ကြပြီး ၎င်းတို့၏ရေးသားမှုများတွင် ဗြိတိန်ကို ပြိုင်ဘက်နယ်ချဲ့အင်အားကြီးအဖြစ် ဝေဖန်အကဲဖြတ်မှုများ ပါရှိသည်။
မြန်မာနိုင်ငံတွင် ရုရှားကောင်စစ်ဝန်ရုံး တည်ထောင်ရေးနှင့်ပတ်သက်ပြီး ၁၈၉၉ ခုနှစ်တွင်မူ ဗြိတိသျှတို့က ရုရှားတို့အနေဖြင့် အီကွတ်(Irkutsk)နှင့် စမာကန် (Samarkand) မြို့များတွင် ဗြိတိသျှကောင်စစ်ဝန်ရုံးများ တည်ထောင်ခွင့်ပြုပါက မြန်မာနိုင်ငံတွင် ရုရှားကောင်စစ်ဝန်ရုံး တည်ထောင်ခွင့်ပြုမည်ဟု ကမ်းလှမ်းခဲ့သည်။ 

ထိုအချိန် ရန်ကုန်တွင် ရုရှားသင်္ဘော အနည်းငယ်မျှသာ အဝင်အထွက်ရှိ သည့်အတွက် ရုရှားကောင်စစ်ဝန်ရုံးဆောက်လုပ်ရန် မလိုအပ်သေးကြောင်း ရုရှားအစိုးရအနေဖြင့် စဉ်းစားခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ရုရှားသင်္ဘော ကပ္ပတိန်များကို ကူညီပေးလျက်ရှိသည့် ဂျာမန်လူမျိုး မစ္စတာဖော်ကယ် (Mr. Fokke)အား ဒုတိယကောင်စစ်ဝန်အဖြစ် ခန့်အပ်ခဲ့သည်။ ထိုအချိန်ကာလက ရုရှားနှင့် မြန်မာအကြား ပုံမှန်ကုန်သွယ်မှုရှိခဲ့သော်လည်း အဓိကကုန်မှာ ရေနံဆီသာဖြစ်သည်။ သို့သော် ထိုအချိန်က ရုရှားနိုင်ငံ၏ ကုန်သွယ်ရေကြောင်း အကျိုးစီးပွား အများစုမှာ ၎င်းတို့၏ အရှေ့ဘက်သို့ ရေတပ် ချဲ့ထွင်မှု၊ မန်ချူးရီးယားသို့ ချဲ့ထွင်မှု၊ တရုတ်နိုင်ငံ ဆက်ဆံရေးနှင့် ပိုမိုဆက်စပ်နေသော ထိုင်းနိုင်ငံနှင့် စင်ကာပူတစ်ဝိုက်ရှိ ရေလက်ကြားများသို့သာ ကူးပြောင်းသွားခဲ့သည်။

အထက်ဖော်ပြပါ အကြောင်းအရာတို့ကား ရှေးမြန်မာပဒေသရာဇ်စနစ်၏ နောက်ဆုံးမင်းဆက်ဖြစ်သော ကုန်းဘောင်မင်းဆက်ကာလအတွင်း ထိုစဉ်က ရုရှားဘုရင့်ပဒေသရာဇ်နိုင်ငံနှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးတည်ဆောက်ရန် ကြိုးစားခဲ့ပုံများကို စာရွက်စာတမ်း အထောက်အထားများအရ တင်ပြခဲ့ခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံ၏ နယ်ချဲ့ကိုလိုနီစနစ်ကို တွန်းလှန်ရန်ကြိုးပမ်းခဲ့သည့် သမိုင်းကြောင်းတွင် ရုရှားနိုင်ငံနှင့် သံတမန်ဆက်ဆံရေး တည်ထောင်နိုင်ရေး ရှေးမြန်မာပဒေသရာဇ်စနစ်၏ ဘုရင်နှင့် မှူးမတ်များက အားထုတ်ကြိုးပမ်းခဲ့မှုသည်လည်း အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း၊ ထိုခေတ်အခါက ပထဝီနိုင်ငံရေးအခြေအနေကြောင့်သာ အောင်မြင်မှုအနည်းငယ်သာ ရရှိခဲ့ခြင်းဖြစ်ကြောင်း ထပ်လောင်းရေးသားတင်ပြရင်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ကျရောက်သော မြန်မာ-ရုရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် (၇၅)နှစ်မြောက် စိန်ရတု နေ့ထူးနေ့မြတ်ကို ကြိုဆိုဂုဏ်ပြုအပ်ပါသည်။ ။ ရည်ညွှန်းကိုးကား

-ဦးအောင်ဇေယျအတ္ထုပ္ပတ္တိ (မဟာဘိ သက္က ပဏ္ဍိတဘွဲ့ခံ၊ ပါဠိဆရာကြီး ဦးစော၊ စာ-၄၈)

-ပေးစာ(မူရင်း) (အဂ္ဂမဟာသေနာပတိ အရေးပိုင်ဝန်ရှင်တော်၊ လယ်ကိုင်းမြို့စား သေနတ်ဝန် ကင်းဝန်မင်းကြီး မင်းသတိုးမင်းကြီး မဟာမင်းလှ စည်သူကျော်က အာမေးနီးယား သာသနာပိုင် ဘုန်းတော်ကြီး ဂျီဗို့ဂ်-၄ (Gevorg-IV)ထံ ပေးပို့သည့်စာ)

-“Russian as the ‘Western Other’ in Southeast Asia; Encounters of Russian Travelers in the Second Half of the Nineteenth Century” ဆောင်းပါးရှင် K.A. snow, Russia Review Journal (Vol.71, No.2 April 2012)