ရေဝပ်ဒေသများတည်တံ့ဖို့၊ ခုချိန်ကစ ပြန်လည်တည်ထောင်ထိန်းသိမ်းစို့

သစ်တောမောင်

ရေဝပ်ဒေသများ

ရေဝပ်ဒေသများဆိုသည်မှာ ဒီရေကျချိန်တွင် ရေအနက် ၆ မီတာထက်ပိုမနက်သည့် အဏ္ဏဝါရေပြင်များအပါအဝင် ရေသေ သို့မဟုတ် စီးဆင်းနေသော ရေချို၊ ရေငန်၊ ဆားငန်ရေများရှိသော ယာယီ သို့မဟုတ် အမြဲတမ်းရှိနေသော သဘာဝ သို့မဟုတ် လူတို့ပြုလုပ်ဖန်တီးထားသော ရွှံ့နွံမြေ၊ သစ်ဆွေးမြေ၊ စိမ့်မြေနှင့် ရေပြင်ဧရိယာများကို ခေါ်ဆိုပါသည်။ 

ရေဝပ်ဒေသများကို ပင်လယ်ကမ်းခြေရေဝပ်ဒေသများ၊ လူတို့ပြုလုပ် ဖန်တီးထားသော ရေဝပ်ဒေသများနှင့် ကုန်းတွင်းရေချိုရေဝပ် ဒေသများဟူ၍ သုံးပိုင်းခွဲခြားထားပါသည်။ ရေဝပ်ဒေသများတွင် မြစ်၊ ချောင်းများ၊ အင်း၊ အိုင်၊ ကန်နှင့် ရေအောင်းလွှာများ၊ နွံအိုင် များနှင့် ရွှံ့မြေများ၊ စိုစွတ်သည့် မြက်ခင်းလွင်ပြင်များ၊ ပင်လယ်သဲသောင် ကမ်းပါးများ၊ ကမ်းလွန် ကျွန်းစုငယ်များ၊ ပင်လယ်ဝ ဧရိယာများနှင့် မြစ်ဝကျွန်းပေါ် ဒေသများ၊ ဒီရေရောက်ကမ်းခြေများ၊ ဒီရေတောများ၊ ကမ်းရိုးတန်း ဒေသများ၊ သန္တာကျောက်တန်းများ၊ ငါးကန်၊ ပုစွန် ကန်များ၊ စပါးကွင်းများ၊ ဆားကွင်းများ၊ ဆည်ရေလှောင်တမံများ၊  ဆည် ရေသောက်ဧရိယာများ စသည့်နေရာများ ပါဝင်ပါသည်။ 

ရေဝပ်ဒေသများ၏ အရေးပါမှုများ

ရေဝပ်ဒေသများသည် လူသားများအတွက် အရေးပါသည့် ဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိပါသည်။ အဓိကအားဖြင့် မြေဆီလွှာများအတွင်း ကာဗွန်သိုလှောင်မှု တိုးပွားပြီး ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ခြင်း၊ ရေကြီးခြင်း၊ ရေလျှံခြင်း စသည့်သဘာဝ ဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း၊ ရေပျော်ငှက်များအပါအဝင် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်း၊ ရေထုညစ်ညမ်းမှုများကို သန့်စင်ပေးခြင်း၊ ရေချိုများ ပံ့ပိုးပေးခြင်း၊ ငါး၊ ပုစွန်၊ ကဏန်း စသည့်ရေထွက်ပစ္စည်းများ၊ စိုက်ပျိုးရေးထုတ်ကုန်များနှင့် တိရစ္ဆာန်မွေးမြူရေးစသည့် လုပ်ငန်းများအတွက် အထောက်အပံ့ပြုပြီး စားနပ်ရိက္ခာ ဖူလုံစေရန် ပံ့ပိုးပေးခြင်း၊ ခရီးသွားလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအတွက် အရေးပါခြင်း၊ ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေခြင်း စသည့် အကျိုးကျေးဇူးများစွာကို ပံ့ပိုးပေးလျက်ရှိပါသည်။ 

နိုင်ငံတကာ အသိအမှတ်ပြု ရမ်ဆာရေဝပ်ဒေသများ

ရေဝပ်ဒေသများသည် နိုင်ငံတစ်နိုင်ငံ ချင်းစီအတွက်သာမက ဒေသတွင်းနှင့် ကမ္ဘာ့ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဂေဟစနစ်တည်ငြိမ်ရေး အတွက်လည်း အထူးအရေးပါသည့် အလျောက် တစ်ကမ္ဘာလုံးအဆင့် ရေဝပ်ဒေသများ ဝိုင်းဝန်းထိန်းသိမ်းကြရန် အတွက် “ရေဝပ်ဒေသများ ကွန်ဗင်းရှင်း (Convention on Wetlands)” ကို ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် အီရန်နိုင်ငံ ရမ်ဆာမြို့ (Ramsar)၌ ဖွဲ့စည်းခဲ့ပါသည်။ ယနေ့အချိန်အထိ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၇၂ နိုင်ငံရှိပြီး နိုင်ငံတကာအဆင့် အရေး ပါသော ရေဝပ်ဒေသပေါင်း ၂၄၇၁ ခု စုစုပေါင်း ဧရိယာ ၂၅၆၁၉၂၃၅၆ ဟက်တာကို သတ်မှတ်ထိန်းသိမ်းထား လျက်ရှိပါသည်။ “ရမ်ဆာ (Ramsar) ရေဝပ်ဒေသများ” ဟုလည်း ခေါ်ဆိုပါသည်။ 

ဇီဝဘူမိထူးခြားသည့် ဒေသအတွင်း၌ သဘာဝအတိုင်းတွေ့ရသည့် သို့မဟုတ် သဘာဝနီးပါးရှိနေသည့် ထူးခြားရှားပါးသည့် ရေဝပ်ဒေသဖြစ်ခြင်း၊ ထူးခြားသော ဇီဝဘူမိဒေသ၏ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းရန်အတွက် အပင်နှင့် တိရစ္ဆာန် မျိုးစိတ်များကို ထောက်ပံ့ပေးသည့် ရေဝပ်ဒေသဖြစ်ခြင်း၊ အပင်နှင့်တိရစ္ဆာန် မျိုးစိတ်များ၏ အသက်ရှင်နေထိုင်မှု၌ အကောင်းဆုံးအခြေအနေကို ပေးနိုင်သော သို့မဟုတ် မတူညီသော အသက်ရှင် နေထိုင်မှု၌ ခိုလှုံခွင့်ပေးနိုင်သော ရေဝပ် ဒေသဖြစ်ခြင်း၊ ရေပျော်ငှက်ပေါင်း ၂၀၀၀၀ နှင့်အထက် ပုံမှန်ကျက်စားနိုင် သော ရေဝပ်ဒေသဖြစ်ခြင်း အပါအဝင် စံသတ်မှတ်ချက် ကိုးချက်အနက် အနည်းဆုံးတစ်ချက်နှင့် ကိုက်ညီသော ရေဝပ်ဒေသများကို နိုင်ငံတကာ အသိအမှတ်ပြု ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်ခြင်းဖြစ်ပါသည်။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရေဝပ်ဒေသများအားလုံးကို အကျိုးရှိစွာ စနစ်တကျ အသုံးချခြင်း၊ နိုင်ငံတကာအဆင့်အရေးပါသည့် ရေဝပ်ဒေသများ (ရမ်ဆာရေဝပ်ဒေသများ) ကို ထိန်းသိမ်းခြင်းနှင့် နိုင်ငံတကာပူးပေါင်းမှုများဖြင့် နယ်နိမိတ် ထိစပ်လျက်ရှိသော ရေဝပ်ဒေသများ၊ အဆိုပါရေဝပ်ဒေသများရှိ သားငှက်တိရစ္ဆာန်မျိုးစိတ်များ၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ကြမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ၂၀၀၅ ခုနှစ် မတ် ၁၇ ရက်တွင် ရမ်ဆာရေဝပ်ဒေသ ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် စတင်ပါဝင်ခဲ့ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ရေဝပ်ဒေသများ စီမံအုပ်ချုပ်သည့်အဖွဲ့အစည်း (Administrative Authority) အဖြစ် ရေဝပ်ဒေသ ထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံ၌ ရမ်ဆာရေဝပ် ဒေသများကို တည်ထောင်ထိန်းသိမ်းလျက်ရှိရာ မိုးယွန်းကြီးအင်း တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောကို ၂၀၀၄ ခုနှစ် တွင်လည်းကောင်း၊ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ၂၀၁၆ ခုနှစ်တွင်လည်းကောင်း၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ၂၀၁၇ ခုနှစ်တွင်လည်းကောင်း၊ မုတ္တမ ပင်လယ်ကွေ့ ဒေသ (မွန်ပြည်နယ်အပိုင်း)ကို ၂၀၁၇ ခုနှစ်တွင်လည်းကောင်း၊ အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ၂၀၁၈ ခုနှစ်တွင် လည်းကောင်း၊ နံ့သာကျွန်းနှင့် မေယု မြစ်ဝဒေသကို ၂၀၂၀ ပြည့်နှစ်တွင် လည်းကောင်း နိုင်ငံတကာ အသိအမှတ် ပြု ရမ်ဆာရေဝပ်ဒေသများအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတကာအသိအမှတ်ပြု ရေဝပ်ဒေသ စုစုပေါင်း ဧရိယာ ၂၇၈၆၉၇ ဟက်တာကျော်ကို ထိန်းသိမ်းဆောင်ရွက် လျက်ရှိပါသည်။ 

မြန်မာနိုင်ငံ၌ ရေဝပ်ဒေသများစွာ ရှိသည့်အနက် ရမ်ဆာရေဝပ်ဒေသ စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ရေဝပ်ဒေသများ ရှာဖွေဖော်ထုတ်ပြီး ထိန်းသိမ်းလျက်ရှိရာ မန္တလေးမြို့နှင့် စဉ့်ကိုင်မြို့အနီးရှိ ပလိပ်အင်းရေဝပ် ဒေသ၊ တံတားဦးမြို့ အနီးရှိ ပျူကန်ရေဝပ် ဒေသ၊ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး နယ်မြေ (ဧရာဝတီမြစ် စဉ့်ကူး - ပုဂံ အပိုင်း)၊ ခန္တီးမြို့အနီး ချင်းတွင်းမြစ် အထက်ပိုင်းဒေသတို့သည် အလွန်အရေး ပါသော ရေဝပ်ဒေသများဖြစ်သဖြင့် နိုင်ငံ တကာအသိအမှတ်ပြု ရမ်ဆာရေဝပ် ဒေသအဖြစ် အသိအမှတ်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ရေဝပ်ဒေသများ ပျက်စီးဆုံးရှံးမှုများ

ရေဝပ်ဒေသများသည် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေး၊ ဂေဟစနစ် တည်ငြိမ်ရေး၊ ရေကြီးရေလျှံခြင်း အပါအဝင် ရေနှင့်ပတ်သက်သော သဘာဝဘေးအန္တရာယ်များ တားဆီး ကာကွယ်ရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် စားနပ်ရိက္ခာဖူလုံရေး စသည့် အကျိုးကျေးဇူး များစွာပံ့ပိုးပေးလျက်ရှိသော်လည်း နိုင်ငံ၏ လူဦးရေတိုးတက်လာမှု၊ မြို့ပြများနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အဆောက်အအုံများ တိုးချဲ့လာမှု၊ အမှိုက်သရိုက်များ၊ ပလတ်စတစ်များ၊ စိုက်ပျိုးရေး၊ စက်မှုနှင့် ရွှေနှင့်ဓာတ်သတ္တု တူးဖော်ခြင်း လုပ်ငန်းများမှ ဓာတုစွန့်ပစ် ပစ္စည်းများစွန့်ပစ်မှု အပါအဝင် ပတ်ဝန်းကျင်အလွန်အမင်း ညစ်ညမ်း လာမှု၊ အိမ်ထောင်စုများမှ အညစ်အကြေးများ စွန့်ပစ်မှုနှင့် အခြားမြေအသုံးချမှုသို့ ပြောင်းလဲမှုများကြောင့် ရေဝပ်ဒေသများ ပျောက်ကွယ်ခြင်းနှင့် ပျက်စီးယိုယွင်းကာ အရည်အသွေး ကျဆင်းခြင်းများ ဖြစ်ပေါ် လျက်ရှိပါသည်။ 

ဥပမာအားဖြင့် ရေဝပ်ဒေသများမှ ရေကိုအလွန်အကျွံ့ ထုတ်ယူ၍ စိုက်ပျိုး ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ရေနက်ကွင်းစိုက်ပျိုးမြေများ ဖော်ထုတ် ခြင်း၊ ရွှေနှင့် ဓာတ်သတ္တု အမျိုးမျိုး တူးဖော်ထုတ်လုပ်ခြင်း စသည်တို့သည် မြစ်၊ ချောင်းများ၊ အင်းအိုင်များအပါအဝင် ရေဝပ်ဒေသများအတွင်းသို့ ရေစီးဆင်းမှု နှင့် ရေဝပ်ဒေသ၏ ရေလွှမ်းလွင်ပြင် ဧရိယာများကို ပြောင်းလဲစေပြီး ပံ့ပိုးလျက်ရှိသော ဝန်ဆောင်မှုများကို ထိခိုက်ပျက်စီးစေပါသည်။ မြန်မာနိုင်ငံ တစ်ဝန်း အချို့သောမြို့များ၊ ဒေသများ တွင် နှစ်စဉ်ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ အကြောင်းအရင်း အမျိုးမျိုး အနက် ရေဝေရေလဲဒေသ သစ်တောများ ပြုန်းတီးခြင်း၊ မြစ်ချောင်းများ တိမ်ကောလာခြင်းနှင့် ရေလျှံကွင်းများ၊ ရေဝပ်ဒေသ များပျက်စီးခြင်း၊ ပျောက်ကွယ်လာခြင်းသည် အဓိကအကြောင်းအရင်းတစ်ရပ် ဖြစ်ပါသည်။ အထူးသဖြင့် မြိုပြများနှင့် ဆက်စပ်နေသော ရေဝပ်ဒေသများ၏ ရေစီးဆင်းသိုလှောင်နိုင်မှု စွမ်းရည်များ ကျဆင်းပြီး ရေကြီးရေလျှံခြင်းများ မကြာခဏဖြစ်ပေါ်ရခြင်း ဖြစ်ပါသည်။ ရေဝပ်ဒေသဂေဟစနစ် ယိုယွင်းပျက်စီး ခြင်းကြောင့် ရေနေသတ္တဝါ အမျိုးမျိုး၊ ဒေသမျိုးရင်း ငါးမျိုးစိတ်များနှင့် ရေနေ အပင်များ ဆုံးရှုံးပျောက်ကွယ်သကဲ့သို့ ရေလုပ်ငန်းများကို မှီခိုနေရသော ဒေသခံ ရေလုပ်ငန်းများ၏ လူမှုစီးပွားကျဆင်းစေပြီး နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကိုလည်း နှောင့်နှေးစေနိုင်ပါသည်။

အမျိုးသားရေဝပ်ဒေသမူဝါဒနှင့် မဟာဗျူဟာ လုပ်ငန်းများ

ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ဂေဟစနစ်တည်ငြိမ်ရေးအတွက် အလွန်အရေးပါသော ရေဝပ်ဒေသများထိန်းသိမ်းရေးကို နိုင်ငံအဆင့် စဉ်ဆက်မပြတ် အကောင်အထည် ဖော်နိုင်ရန် “အမျိုးသားရေဝပ်ဒေသ မူဝါဒနှင့် မဟာဗျူဟာ လုပ်ငန်းများ” ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် စတင်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ ရေဝပ်ဒေသများကို ကာကွယ်ခြင်း၊ အကျိုးရှိစွာအသုံးချခြင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းစီမံချက်များတွင် ရေဝပ်ဒေသ တန်ဖိုးများကိုထည့်သွင်းခြင်း၊ အစိုးရ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် ပုဂ္ဂလိက ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း၊ သိမြင်နိုးကြားမှု မြှင့်တင်ခြင်းနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေဝပ် ဒေသအစီအစဉ်များတွင် ပါဝင်ခြင်း စသည့် ရေဝပ်ဒေသမူဝါဒများနှင့်အညီ နှစ်တို၊ နှစ်ရှည်စီမံကိန်းများ ရေးဆွဲကာ ရေဝပ်ဒေသများ ထိန်းသိမ်းဆောင်ရွက် လျက်ရှိပါသည်။ ရေဝပ်ဒေသထိန်းသိမ်း စီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသား အဆင့်ကော်မတီကိုလည်း ၂၀၁၆ ခုနှစ် က စတင်ဖွဲ့စည်းခဲ့ပြီး ဆက်စပ်ဌာနများ အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ဆောင်းခိုငှက်များ နားခိုရာ

မြန်မာနိုင်ငံသည် ဂေဟစနစ်အရ အရေးပါသော ရေဝပ်ဒေသများပေါများသဖြင့် ဌာနေဒေသမျိုးရင်းငှက်မျိုးစိတ်များ ပေါကြွယ်ဝသကဲ့သို့ ကမ္ဘာ့အအေးပိုင်းဒေသများမှ လာရောက်ကြသော ဆောင်းခိုငှက်များကိုလည်း တွေ့နိုင်ပါသည်။ မြန်မာနိုင်ငံသည် အရှေ့အာရှ- ဩစတြေးလျဒေသ ငှက်ပျံသန်းရာလမ်းကြောင်းတွင် ကျရောက်သဖြင့် သဘာဝဂေဟစနစ်များ ကောင်းမွန်ပြီး အစားအစာများနှင့် နားခိုရာနေရာ ပေါများသော မြန်မာနိုင်ငံ၏ ရေဝပ်ဒေသများတွင် ဆောင်းခိုငှက်များ နှစ်စဉ်လာရောက်နားခို ကြပါသည်။ သစ်တောဦးစီးဌာန၏ နှစ်စဉ်ငှက်စားရင်း ကောက်ယူမှုများအရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ရေဝပ်ဒေသတွင် ငှက်မျိုးစိတ် ၁၅၁ မျိုးနှင့်ကောင်ရေ ၄၁၅၆၃၊ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ရေဝပ်ဒေသတွင် ငှက်မျိုး စိတ် ၁၁၉ မျိုးနှင့် ကောင်ရေ ၂၇၄၄၇၊ အင်းလေးကန်‌ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ရေဝပ်ဒေသတွင် ငှက်မျိုး စိတ် ၁၈၇ မျိုးနှင့်ကောင်ရေ ၃၂၁၅၁ နှင့် မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောရေဝပ်ဒေသ၌ ငှက်မျိုးစိတ် ပေါင်း ၁၀၃ မျိုး၊ ကောင်ရေ ၃၀၅၂ ကောင် တို့ နေထိုင်ကျက်စားကြောင်း တွေ့ရှိရပါသည်။
ဆောင်းခိုငှက် မျိုးစိတ်များသည် မြန်မာနိုင်ငံရှိ ရေဝပ်ဒေသများသို့ နှစ်စဉ် အောက်တိုဘာလမှ ဧပြီလအထိ ကျရောက်ကျက်စားကြပါသည်။ အဆိုပါ ငှက်မျိုးစိတ်များအနက် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအရ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် စာရင်းဝင်နှင့် အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ (International Union for Conservation of Nature-IUCN) ၏ Redlist စာရင်းဝင်ဖြစ်သော မျိုးသုဉ်းလု နီး အန္တရာယ်ရှိနေသော မျိုးစိတ် ရေညှောင့် နှုတ်သီးဝိုင်း (Spoon –billed Sandpiper - Calidris pygmaea- CR)၊ မျိုးသုဉ်းရန် အန္တရာယ်ရှိသောမျိုးစိတ် နော်မန်ခြေစိမ်း (Nordmann’s Green-shank-Tringa guttifer- EN)၊ နော့ (Great Knot – Calidris tenuirostris- EN)၊ မျိုးသုဉ်းရန်ခြိမ်းခြောက်မှုအဆင့်သို့ နီးကပ်နေသောမျိုးစိတ် အမြီးနက် ဂေါ့ဒွစ်(Black-tailed Godwit– NT) များသည် မုတ္တမပင်လယ်ကွေ့၊ နံ့သာ (မေယု) မြစ်ဝနှင့် မိန်းမလှကျွန်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောများတွင် တွေ့ရှိရပါသည်။

မျိုးသုဉ်းလုနီး အန္တရာယ်ရှိနေသော မျိုးစိတ်ပို့ချပ်ခေါင်းစိမ်း (Baer’s Pochard- Aythya baeri- CR)၊ မျိုးသုဉ်းရန်အန္တရာယ် ကျရောက်နိုင်သော မျိုးစိတ် ပို့ချပ်ဘဲ (Common Pochard- Aythya ferina- VU)၊ မျိုးသုဉ်းရန် ခြိမ်းခြောက်မှုအဆင့်သို့ နီးကပ်နေသော မျိုးစိတ် ဘဲနီစပ် (Ferru-ginous Pochard- Aythay nyroca-NT)၊ ခရုစုတ်အနက် (Black-headed Ibis-Threskiornis melanocephalus- NT)၊ နှုတ်သီးကောက်ကြီး (Eurasian Curlew– Numenius arquata- NT)၊ ဘဲတောင်ရှည် (Falcated Duck- Anas falcate- NT) နှင့် ဌာနေရေပျော်ငှက်များတွင် မျိုးသုဉ်းရန် အန္တရာယ်ကျရောက် နိုင်သော မျိုးစိတ် ကြိုးကြာခေါင်းနီ (Surus Crane - Antigone Antigone- VU)၊ မျိုးသုဉ်းရန် ခြိမ်းခြောက်မှုအဆင့်သို့ နီးကပ်နေသောမျိုးစိတ် ငှက်ကြီးဝန်ပို (Spot-billed Pelican- Pelecanus philippensis- NT)၊ ဥပန်း (Oriental Darter- Anhinga melanogaster- NT) မျိုးစိတ်များအား အင်းတော်ကြီး၊ မိုးယွန်းကြီးအင်းနှင့် အင်းလေးကန်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောများတွင် တွေ့ရှိနိုင်ပါသည်။ 

ကမ္ဘာ့ရေဝပ်ဒေသများနေ့ 

ကမ္ဘာ့ရေဝပ်ဒေသများနေ့သည် ရေဝပ်ဒေသများ၏ တန်ဖိုးကို မီးမောင်း ထိုးပြရန်အတွက် နှစ်စဉ် ဖေဖော်ဝါရီ ၂ ရက်တွင် ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ အသိပညာပေး လှုပ်ရှားမှုတစ်ခုဖြစ်ပါ သည်။ ဖေဖော်ဝါရီ ၂ ရက်သည် ၁၉၇၁ ခုနှစ်တွင် ချမှတ်ခဲ့သော အစိုးရ အချင်းချင်း သဘောတူစာချုပ်ဖြစ်သည့် Wetlands Convention ၏ နှစ်ပတ်လည် နေ့ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာအဖွဲ့ဝင်နိုင်ငံ ပေါင်း ၁၇၂ နိုင်ငံက ရေဝပ်ဒေသ ထိန်းသိမ်းရေး အရှိန်အဟုန်မြှင့်တင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ယခုနှစ်အတွက် ကမ္ဘာ့ရေဝပ်ဒေသများနေ့ ဦးတည်ချက်ဆောင်ပုဒ်မှာ “ရေဝပ်ဒေသများတည်တံ့ဖို့၊ ခုချိန်ကစ ပြန်လည်တည်ထောင်ထိန်းသိမ်းစို့” (It is time for Wetland Restoration) ဖြစ်ပါသည်။ ကမ္ဘာ့ရေဝပ်ဒေသများ၏ ၃၅ ရာခိုင်နှုန်းသည် လွန်ခဲ့သောနှစ်ပေါင်း ၅၀ အတွင်း ပျက်စီးဆုံးရှုံးခဲ့ရပါသည်။ ထို့ကြောင့် ယခုနှစ်၏ ဆောင်ပုဒ်သည် ရေတိမ်ဒေသများ ပြန်လည်ထူထောင်ရေးကို ဦးစားပေးလုပ်ဆောင်ရန် အရေးတကြီး လိုအပ်မှုကို မီးမောင်းထိုးပြပြီး ပျက်စီးသွားသော ရေတိမ်ဒေသများ ပြန်လည်ရှင်သန်ရန်နှင့် ပြန်လည်ထူထောင်ရန် အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် မျိုးဆက်သစ်တစ်ရပ်လုံးအား တိုက်တွန်းထားခြင်း ဖြစ်ပါသည်။

ကမ္ဘာ့ရေဝပ်ဒေသများနေ့ဆောင်ပုဒ်သည် ကုလသမဂ္ဂ ဂေဟစနစ်ပြန်လည် ထူထောင်ရေး ဆယ်စုနှစ် (၂၀၂၁-၂၀၃၀) ကို ပံ့ပိုးပေးလျက်ရှိပြီး ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ်အမျိုးမျိုးပြန်လည်ထူထောင်ရေးအတွက်လည်း လှုံ့ဆော်ပေးလျက်ရှိပါသည်။ ရေဝပ်ဒေသများက လူသားမျိုးနွယ်များနှင့် ကမ္ဘာမြေအတွက် အကျိုးပြုမှုများကို ပြည်သူများ သိရှိနားလည်မှု တိုးမြင့်လာစေရန် ရည်ရွယ်ပြီး ရေဝပ်ဒေသများ ထိန်းသိမ်းခြင်း၊ အကျိုးရှိစွာ အသိအလိမ္မာနှင့် အသုံးပြုခြင်းနှင့် ပြန်လည်ထူထောင်ခြင်းတို့ကို ဖြစ်ပေါ်စေမည့် ဆောင်ရွက်ချက်များကို အရှိန်အဟုန်မြှင့်တင်ရန် ရည်ရွယ်ပြီး ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်း အမှတ်လှုပ်ရှားမှုများကို ကျင်းပခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင်လည်း နှစ်စဉ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ ကျရောက်တိုင်း သစ်တောဦးစီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများနှင့် ပူးပေါင်းပြီး “ကမ္ဘာ့ရေဝပ်ဒေသများနေ့” အထိမ်းအမှတ် အခမ်းအနားများကို အနှစ်သာရပြည့်ဝစွာဖြင့် ကျင်းပနိုင်ခဲ့ပါသည်။ အထူးသဖြင့် ရေဝပ်ဒေသများ ထိန်းသိမ်းရေးအတွက် အရေးကြီးသည့် သတင်းအချက်အလက်များ ပြည်သူများ၊ အကျိုးဆက်စပ် ပတ်သက်သူများထံ သတင်းပါးနိုင်ရေးအတွက် သတင်းမီဒီယာ အမျိုးမျိုးဖြင့် ဖြန့်ဝေခြင်း၊ ဆွေးနွေးပွဲများ၊ ပြပွဲပြိုင်ပွဲများ ကျင်းပခြင်း၊ ပညာရေးအစီအစဉ်များတွင် ပေါင်းစပ်ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်း၊ ဒေသခံပြည်သူများ အပါအဝင် အကျိုးဆက်စပ် ပတ်သက်သူများ ပူးပေါင်း ပါဝင်စေခြင်းနှင့် ရေဝပ်ဒေသဆိုင်ရာ သိမြင်နိုးကြားမှု တိုးပွားလာစေရန် ဆောင်ရွက်ခြင်း (Communication, Education, Participation and Awareness-CEPA) တို့ကို ဆောင်ရွက် လျက်ရှိပါသည်။

ရေဝပ်ဒေသများ ထိန်းသိမ်းရာတွင် အကောင်းဆုံးသော နည်းလမ်း ခုနစ်သွယ်ကို အကောင်အထည်ဖော်ရန် ကမ္ဘာ့ရေဝပ်ဒေသကွန်ဗင်းရှင်းက တိုက်တွန်းထားပါသည်-

(က)        ရေဝပ်ဒေသများမှ ပံ့ပိုးထောက်ပံ့သော ဝန်ဆောင်မှုတစ်ခု သို့မဟုတ် နှစ်ခုကိုသာမက အမျိုးမျိုးသော အကျိုးကျေးဇူးများနှင့် ဝန်ဆောင်မှုများကို ရယူသုံးစွဲနိုင်ရန် စဉ်းစားဆောင်ရွက်ခြင်း၊

( ခ )     ရေဝပ်ဒေသ ဂေဟစနစ်များ သဘာဝအလျောက် ပြန်လည်ထိန်းသိမ်းနိုင်ရန် ရည်ရွယ် ဆောင်ရွက်ခြင်း၊

( ဂ )     ရေဝပ်ဒေသများ ထိန်းသိမ်းရာတွင် စီမံချက် ရေးဆွဲခြင်းမှသည် အကောင်အထည်ဖော်သည်အထိ ဒေသခံပြည်သူများနှင့် စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်းပါဝင် ဆောင်ရွက်စေခြင်း၊

(ဃ)    ရေဝပ်ဒေသများ ပျက်စီးဆုံးရှုံးရခြင်း အကြောင်းအရင်းများကို ရှာဖွေဖော်ထုတ် ဖြေရှင်းခြင်း၊ လျော့ပါးစေရန် ကန့်သတ်ခြင်းနှင့် ပင်မဧရိယာမှ ဖယ်ထုတ်ခြင်း၊ 

( င )     ပျက်စီးနေသော ရေဝပ်ဒေသများကို ရှင်းလင်းခြင်းနှင့် ဖြစ်နိုင်သမျှ ပြန်လည်ထူထောင်ခြင်း၊

( စ )    ဒေသမျိုးရင်း တောရိုင်းတိရစ္ဆာန်များ၊ အပင်မျိုးစိတ်များ ထိန်းသိမ်းခြင်းနှင့် ပြင်ပမှ မျိုးစိတ်များကို ဖယ်ရှားခြင်း၊

(ဆ)    ရေဝပ်ဒေသများအတွင်း ဂေဟစနစ် အပေါ်မူတည်၍ ဝင်ရောက်သွား လာမှု ကန့်သတ်ဧရိယာများ ခွဲခြားထားခြင်း၊ တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရေးနယ်မြေ များ၊ ပြည်သူများ လာရောက်လည်ပတ်နိုင်သော နေရာများ ခွဲခြားထားခြင်း။

ရေဝပ်ဒေသများ ထိန်းသိမ်းရေးတွင် အဓိကအခန်းကဏ္ဍမှ ဦးဆောင်နေသော ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ ရေဝပ်ဒေသများ ထိန်းသိမ်းရေးတွင် စိတ်အားထက်သန်စွာ ဆောင်ရွက်လျက်ရှိသော ပုဂ္ဂိုလ်များ၊ အစိုးရအဖွဲ့အစည်း များအပါအဝင် ရန်ပုံငွေကြေးပံ့ပိုး ထောက်ပံ့လျက်ရှိသော အဖွဲ့အစည်းများ၊ ဂေဟစနစ် ထိန်းသိမ်းရေးကို ဦးဆောင်မှု ပြုနေသော ဒေသခံပြည်သူအစုအဖွဲ့ ခေါင်းဆောင်များ၊ ရေဝပ်ဒေသများနှင့် ဆက်စပ်လျက်ရှိသော ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများနှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၊ ပညာရေးကဏ္ဍမှ ဆရာ ဆရာမများ၊ ဂေဟစနစ်ထိန်းသိမ်းရေး ပညာရှင်များနှင့် လက်တွေ့ဆောင်ရွက် နေသူများအားလုံး တက်ကြွစွာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ရေဝပ်ဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်ပါသည်။

ခုချိန်ကစ ပြန်လည်ထိန်းသိမ်းစို့

လူဦးရေတိုးတက်လာမှု၊ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အရေးကြီးသော ရေဝပ်ဒေသများ ပျက်စီးပျောက်ကွယ်လာခြင်းကြောင့် ရေကြီးရေလျှံခြင်းအပါအဝင် သဘာဝ ဘေးအန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်ကြရ လျက်ရှိပါသည်။ ရေဝပ်ဒေသများ အပါအဝင် ဆက်စပ်ဂေဟစနစ်များကို ထိန်းသိမ်းခြင်းဖြင့် လူ့ဘောင်အဖွဲ့ အစည်းများက ရင်ဆိုင်နေရသော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးနိုင်မည်ဖြစ်ပါသည်။ တစ်ဦး တစ်ယောက်ချင်းအဆင့်မှသည် အဖွဲ့အစည်းအဆင့်၊ ရပ်ကွက်ကျေးရွာအဆင့် မှသည် နိုင်ငံတော်အဆင့်အထိ ဆောင်ရွက်နိုင်သော လုပ်ငန်းများလည်း ဖြစ်ပါသည်။ ရေဝပ်ဒေသများ ထိန်းသိမ်းခြင်း လုပ်ငန်းများကို မိမိတို့လုပ်နိုင်သည့် အဆင့်မှ စတင်လုပ်ဆောင်ကြရမည် ဖြစ်ပါသည်။ နိုင်ငံတကာ အသိအမှတ်ပြု ရမ်ဆာရေဝပ်ဒေသများတွင် ဆောင်ရွက် ဆဲ ရေဝပ်ဒေသ ထိန်းသိမ်းရေးလုပ်ငန်း များကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ အခြားအလားအလာ ကောင်းသော ရေဝပ်ဒေသများကိုလည်း ခုချိန်မှစတင်ကာ ဝိုင်းဝန်းထိန်းသိမ်း ကြရန် အလွန်အရေးကြီးပါသည်။ သို့မှသာ ရေဝပ်ဒေသများ ရေရှည်တည်တံ့ပြီး ရေဝပ်ဒေသများမှ ပံ့ပိုးသော အကျိုးကျေးဇူးများစွာကိုလည်း အပြည့်အဝရရှိ ခံစားနိုင်မည်ဖြစ်ကာ နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း “၂၀၂၃ ခုနှစ် ကမ္ဘာ့ရေဝပ် ဒေသများနေ့” ကို ဂုဏ်ပြုတင်ပြ အပ်ပါသည်။ ။