ရွှေမဉ္ဇူ(အင်းတော်ကြီး) ရေလယ်ဘုရားတွင် တပို့တွဲလပြည့်နေ့၌ ဘုရားအနေကဇာတင်နှင့် ဆွမ်း၊ ဆန်စိမ်းလောင်းလှူပွဲကျင်းပ

မိုးညှင်း    ဖေဖော်ဝါရီ ၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ရှိ သမိုင်းဝင် တန်ခိုးကြီးဘုရားဖြစ်သည့် ရွှေမဉ္ဇူ(အင်းတော်ကြီး) ရေလယ်ဘုရား၌ ဘုရားအနေကဇာတင်နှင့် ဆွမ်း၊ ဆန်စိမ်းလောင်းလှူပွဲကို တပို့တွဲလပြည့် နံနက် ၉ နာရီက စတင်ကျင်းပသည်။

ဦးစွာ တက်ရောက်လာကြသည်များမှ နမောတဿ သုံးကြိမ်ရွတ်ဆိုကြ၍ သံဃာတော်ကိုးပါးအား အမှူးထားကာ အလှူရှင်ဖြစ်သည့် မဟာသဒ္ဓမ္မဇောတိကဓဇ သီလရှင်ဆရာကြီး ဒေါ်ခေမာစာရီနှင့် မိသားစုဝင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ ရှမ်းနီတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုမှ အကအဖွဲ့ဝင်များ၊ ဘုရားဖူးပြည်သူများမှ ဘုရားအနေကဇာတင်ခြင်းနှင့် ဆရာတော်ကြီးများအပါအဝင် သံဃာတော် အပါး (၁၈၀)နှင့် သီလရှင်အပါး (၉၀)တို့ကို သင်္ကန်း၊ ထီး၊ ဖိနပ်နှင့် အခြားပစ္စည်းများအပါအဝင် ဆွမ်း၊ ဆန်စိမ်းလောင်းလှူကြခြင်းနှင့် လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ဘုရားဖူးမြော်ကြည်ညိုကြရာတွင် အလှူရှင်များနှင့် ဘုရားဖူးပြည်သူများက ပန်း၊ ဆီမီး၊ ရေချမ်းများ ဆက်ကပ်လှူဒါန်းခြင်း၊ အမွှေးနံ့သာများ ထွန်းညှိကပ်လှူပူဇော်ခြင်း၊ ဘုရားရေသပ္ပါယ်ခြင်း၊ ရွှေသင်္ကန်းများကပ်လှူခြင်း၊ ဝတ္ထု‌အလှူငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ ငါးအစာကျွေးခြင်းနှင့် ရှမ်းနီတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့မှ ရိုးရာအကများ ကပြဖျော်ဖြေခြင်းတို့ဖြင့် စည်ကားများပြားခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း