နေပြည်တော် ၁၃ ဖေဖော်ဝါရီ
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်သည့် လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၄) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျင်းပလျက်ရှိရာ မြို့နယ်အလိုက် ကျင်းပနေမှုများကို ဖော်ပြလိုက်ရပါသည်။
ကျောင်းကုန်း
လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၄) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲနှင့်မော်ကွန်းရုပ်ရှင်ပြသခြင်းအား ယနေ့နံနက် ၈ နာရီက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ ကျောင်းသားကျောင်းသူများ လာရောက်လေ့လာခဲ့ကြပြီး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ထို့နောက် အခြေခံပညာကျောင်းများ၊ "စေတနာ"လူမှုဝန်ထမ်းမူကြိုကျောင်းနှင့် မိခင်နှင့်ကလေးမူကြိုကျောင်းမှ ကလေးငယ်များက ဗိုလ်ချုပ်ဂုဏ်ပြုကဗျာများ၊ တေးသရုပ်ဖော် အကများဖြင့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကကလေးငယ်များအား အရုပ်လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)
မံစီ
ယနေ့ ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၄) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲနှင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ပြပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မှတ်တမ်းဓါတ်ပုံများကိုပြသထားပြီး ဗိုလ်ချုပ်အောင်ဆန်း၏အထုပ္ပတ္တိစာအုပ်အပါအဝင် ဗိုလ်ချုပ်အောင်ဆန်း၏အကြောင်းအရာများကို ရေးသားထားသည့် စာအုပ်များကို ပြသထားရာ ကျောင်းသား ကျောင်းသူများ စိတ်ဝင်တစားလာရောက်ကြည့်ရှုခဲ့ကြပြီး ပြပွဲလာရောက်ကြည့်ရှု့သူများက စုပေါင်း စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
ကော့မှူး
ယနေ့ ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၄) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် စာအုပ်စာစောင်များနှင့် ဓာတ်ပုံပြပွဲကို ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဗဟိုစာကြည့်တိုက်ခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ စာအုပ်နှင့်ဓာတ်ပုံပြပွဲတွင် လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချူပ်အောင်ဆန်းမွေးနေ့အား အမှတ်တရရရှိစေရန် ဗိုလ်ချူပ်အောင်ဆန်း၏ ရှားပါးဓာတ်ပုံများ၊ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဓာတ်ပုံများ၊ ခရီးစဉ်မှတ်တမ်းဓာတ်ပုံများ၊မိသားစုဓာတ်ပုံများ၊ ဗိုလ်ချူပ်အောင်ဆန်း၏ဘွဲ့လက်မှတ်၊ ဗိုလ်ချူပ်အောင်ဆန်းအကြောင်းရေးသားထားသော စာအုပ်စာစောင်များနှင့် ဓာတ်ပုံများကို ပြသခဲ့ကြသည်။
အဆိုပါ စာအုပ်နှင့်ဓာတ်ပုံပြပွဲသို့ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်လေ့လာခဲ့ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)


