တိုကျို၊ ဖေဖော်ဝါရီ ၅
ပြီးခဲ့သည့် အောက်တိုဘာလ နောက်ပိုင်း နယ်စပ်ထိန်းချုပ်မှုများ ဖြေလျှော့ပေးပြီးနောက် ၂၀၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံ တိုကျိုရှိ နာရီတာလေဆိပ်ကို အသုံးပြုပြီး လေကြောင်းလိုင်းမှတစ်ဆင့် ခရီးသွားသူ အရေအတွက်သည် နှစ်အလိုက် သုံးဆနီးပါး မြင့်တက်လာကြောင်း ဖေဖော်ဝါရီ ၅ ရက် တွင် ပြည်တွင်းမီဒီယာ၏ ဖော်ပြချက်အရ သိရသည်။
၂၀၂၂ ခုနှစ်တွင် တိုကျိုအရှေ့ပိုင်းရှိ အဆိုပါအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အသုံးပြုသော ခရီးသွားအရေအတွက် စုစုပေါင်း ၁၅ ဒသမ ၄ သန်းခန့်ရှိသည့်အတွက် ယခင်နှစ်ကထက် ၂ ဒသမ ၉ ဆ မြင့်တက်လာကြောင်း နာရီတာ အပြည်ပြည်ဆိုင်ရာလေဆိပ် ကော်ပိုရေးရှင်း၏ ပြောကြားချက်ကို ကိုးကား၍ အင်န်အိတ်ချ်ကေ သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ပြည်တွင်း လေကြောင်းလိုင်း ခရီးသည် အရေအတွက်သည် ၆ ဒသမ ၃၈ သန်းရှိသည့်အတွက် ၂၀၂၁ ခုနှစ်ကထက် ၁ ဒသမ ၉ ဆ မြင့်တက်လာပြီး နိုင်ငံတကာ ခရီးသည် ၉ ဒသမ ၀၃ သန်းရှိ သည့်အတွက် ယခင်နှစ်ကထက် ၄ ဒသမ ၇ ဆ ကျော် မြင့်တက်လာကြောင်း သိရသည်။
ထိုကဲ့သို့ မြင့်တက်မှုများရှိသော်လည်း တရုတ်နိုင်ငံမှ ခရီးသွားများ ဝင်ရောက်မှုနည်းသောကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွားမီကာလက ဝင်ရောက်မှုထက် သုံးပုံတစ်ပုံခန့်သာရှိကြောင်း လေဆိပ်အော်ပရေတာ က ပြောသည်။
တရုတ်နိုင်ငံမှ ခရီးသွားများသည် ခရီးသွားရေးအတွက် ပြန်လည်မြင့်တက်ခြင်း၏ အဓိက သော့ချက်ဖြစ်ကြောင်း နာရီတာ အပြည်ပြည်ဆိုင်ရာလေဆိပ် ကော်ပိုရေးရှင်း၏ ဥက္ကဋ္ဌ ဖြစ်သူ အခိဟိကိုတာမူရာ က ပြောသည်။
ဆင်ဟွာ