ဩစတြီးယားနိုင်ငံ၌ နှင်းထုပြိုကျမှုကြောင့် လူ ရှစ်ဦးသေဆုံး

ဖေဖော်ဝါရီ ၆

ဩစတြီးယားနိုင်ငံအနောက်ပိုင်းတွင် နှင်းထုပြိုကျမှုများကြောင့် တရုတ်နိုင်ငံသားတစ်ဦးအပါအဝင် လူရှစ်ဦး သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ယမန်နေ့ကပြောကြားသည်။

တိုင်ရိုဒေသရှိ အိုအဇ်တယ်တောင်ကြားတွင် နှင်းထုပြိုကျမှုကြောင့် အသက် ၃၂ နှစ်အရွယ် တရုတ်နှင်းလျှောစီးသမားတစ်ဦးသေဆုံးခဲ့ကြောင်း ဩစတြီးယားသတင်းအေဂျင်စီ အေပီအေက  ဖော်ပြထားသည်။

တိုင်ရိုနှင့်အိမ်နီးချင်း ဗိုရာဘတ်ဒေသတို့ရှိ အခြားနယ်မြေများတွင် သီတင်းပတ်ကုန်အတွင်း အခြားသော နှင်းထုပြိုကျမှုများဖြစ်ပွားခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ထိုဒေသတွင် လေပြင်းများတိုက်ခတ်ခြင်းနှင့် ဆီးနှင်းများကျဆင်းခြင်းတို့ကြောင့် နှင်းထုပြိုကျမှုဖြစ်ပွားခဲ့ကြောင်း အေပီအေက ဖော်ပြထားသည်။

ဒေသန္တရအာဏာပိုင်များက နှင်းထုပြိုကျမှုအန္တရာယ်သတိပေးချက်အဆင့်ငါးတွင် အဆင့်လေးအဖြစ်မြင့်တက်ခဲ့ပြီး ဆောင်းရာသီအားကစားသမားများအား သတိဖြင့်လေ့ကျင့်မှုပြုလုပ်ကြရန် တိုက်တွန်းပြောကြားထားသည်။

တိုင်ရိုဒေသတွင် ဖေဖော်ဝါရီ ၄ ရက် တစ်ရက်အတွင်းမှာပင် နှင်းထုပြိုကျမှု ၃၀ ဖြစ်ပွားခဲ့ပြီး ၁၁ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်းနှင့် ရာသီဉတုဆိုးရွားမှုကြောင့် ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့ရကြောင်း အေပီအေ၏ ပြောကြားချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို