နေပြည်တော်၊ ဖေဖော်ဝါရီ ၆
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း ကျောင်းတွင် မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် လက်မှတ်ရပြည်သူ့စာရင်းကိုင်(Certified Public Accountant – CPA) (ပထမပိုင်း) သင်တန်း၊ အမှတ်စဉ် (၄၇) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးက နိုင်ငံတော် တည်ဆောက်ရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည့် အရည်အချင်းပြည့်ဝသော စာရင်းပညာရှင်များ၊ စာရင်းကျွမ်းကျင်သူများတိုးပွားစေရန် ရည်ရွယ်ပြီး စာရင်းပညာရပ်ဆိုင်ရာသင်တန်းများကို မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူး၍ ဖွင့်လှစ်ပေးလျက် ရှိပါကြောင်း၊ အရေအတွက်သာမက အရည်အသွေး ပြည့်ဝစေရေးအတွက် သင်ရိုးညွှန်းတမ်းများ၊ သင်ကြားမှုပုံစံများ ပြောင်းလဲကျင့်သုံး၍ ၁၉၇၂ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့သည်မှာ ယခု သင်တန်းအပတ်စဉ် (၄၇) အထိ ရောက်ရှိပြီဖြစ်ပါကြောင်း၊ လက်မှတ်ရ ပြည်သူ့စာရင်းကိုင် သင်တန်းသည် ဘွဲ့လွန် ပညာရှင်အဆင့် (Post-Graduate Professional) 2 နှစ် သင်တန်းဖြစ် ပြီး သင်တန်း (ဒုတိယပိုင်း) စာမေးပွဲအောင်မြင်၍ သတ်မှတ်စာရင်းကိုင် အလုပ်သင်လုပ်သက် ပြည့်မြောက်ပြီးသူများကို “စာရင်းပညာရှင် (ပထမအဆင့်)” အဖြစ် သတ်မှတ်သည့် အသက် မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းတစ်ခုဖြစ်သဖြင့် သင်တန်းသားများအတွက် ကနဦးခြေလှမ်း တစ်ရပ်ဖြစ်ပါကြောင်း။
သို့ပါ၍ သင်တန်းသားများအနေဖြင့် ကထိကများ၏ ပို့ချမှုများအပြင် မိမိကိုယ်တိုင် လေ့လာဆည်းပူးခြင်း (Self-Study) နှင့် သင်တန်းစည်းကမ်းများကို မိမိအသိစိတ်ဖြင့် ကိုယ်တိုင်စောင့်ထိန်းလိုက်နာခြင်း (Self-Discipline) စသည့် အလေ့အကျင့် ကောင်းများဖြင့် မိမိကိုယ်မိမိယုံကြည်မှု (Self-Confidence) ရှိရန် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ စာရင်း ပညာအရည်အသွေး တိုးတက်စေရန်နှင့် နိုင်ငံတော်မှအားထားရသည့် စာရင်းပညာရှင်များ ဖြစ်လာစေရန် သင်တန်းကာလ တစ်လျှောက် ဇွဲ၊ လုံ့လ၊ ဝီရိယရှိစွာဖြင့် ကြိုးစားကြစေလိုပါကြောင်း တိုက်တွန်းမှာကြား သည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်သင်တန်းကျောင်း၊ တာဝန်ခံက သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ နေပြည်တော်ရှိ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ် သင်တန်းကျောင်းတွင် (၆၃) ဦး၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံစာရင်းကောင်စီရုံး၊ ရန်ကုန်သင်တန်းကျောင်းတွင် (၈၂) ဦး စုစုပေါင်း သင်တန်းသား (၁၄၅) ဦးကို သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကာလ မှာ ဖေဖော်ဝါရီ ၆ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်အထိ (၁၁) လကြာ စာသင်ခန်း တက်ရောက် (Face to Face) ဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။
သင်တန်းဖွင့်ပွဲသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမမှလည်းကောင်း၊ မြန်မာနိုင်ငံစာရင်း ကောင်စီရုံး၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့ စာရင်းကိုင်အသင်းနှင့် ရန်ကုန်သင်တန်း ကျောင်းမှ တာဝန်ရှိသူများက Online ဖြင့်လည်းကောင်း တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်