နေပြည်တော်၊ ဖေဖော်ဝါရီ ၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးသို့ ရောက်ရှိပြီး စစ်တွေမြို့တွင် အခြေပြု၍ တာဝန်ထမ်းဆောင်နေသော လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဌာနအနေဖြင့် ထိခိုက်လွယ် အုပ်စုဝင်များနှင့် ဘေးဒုက္ခ တစ်မျိုးမျိုးကြောင့် ထိခိုက်ခံစားနေရသူများအား နိုင်ငံတော်ကိုယ်စား ကူညီ ထောက်ပံ့နေရခြင်း ဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်တွင် ကျွမ်းကျင် ပျော်ရွှင်စွာဖြင့် တာဝန်ထမ်းဆောင်နိုင်ရန် အရေးကြီးပါကြောင်း၊ လတ်တလောတွင် Quick Win Project အနေဖြင့် အခြေခံပညာကျောင်းများတွင် မိမိတို့ဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကလေးသူငယ်အခွင့်အရေး၊ သဘာဝဘေးနှင့် မိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများ ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရသည့်အတွက် ပါဝင်ဆောင်ရွက်ကြသည့် အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြုပါကြောင်း၊ ပြည်သူသို့ဝန်ဆောင်မှုပေးရာတွင် e-government စနစ်ကို အသုံးချနိုင်ပါက ပိုမိုထိရောက်အောင်မြင်နိုင်မည် ဖြစ်သည့်အတွက် မိမိတို့ဌာန အနေဖြင့် လူမှုရေးဆိုင်ရာ သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ် (SMIS) ကို အကောင် အထည်ဖော် နေပြီဖြစ်ရာ ဝန်ထမ်းများအနေဖြင့် တိုးတက်လာသော နည်းပညာရပ်များကို လက်လှမ်းမီအသုံးချနိုင်ရေး ကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်လဲ့လဲ့အေးက မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ပြည်နယ်ဦးစီးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများက တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်နယ်ဦးစီးမှူးရုံး (၄) ခန်းတွဲ (၃) ထပ် ဝန်ထမ်းအိမ်ရာနှင့် စက်ရုံစုရပ်ကွက်ရှိ ပြည်နယ်အဆင့် အိမ်ထောင်စု (၅၀၀၀) စာ ကယ်ဆယ်ရေး ပစ္စည်းသိုလှောင်ရုံ အသစ်တည်ဆောက်မည့် မြေနေရာကို သွားရောက် ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များကို မှာကြားသည်။
အလားတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်နှင့်အတူ စစ်တွေမြို့ ကလေးပြုစုရေးဌာနသို့ ရောက်ရှိကြ ပြီး ကလေးသူငယ်များကို တစ်ဦးချင်း နှုတ်ဆက်အားပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကလေးသူငယ်များအတွက် ပဲနို့နှင့် ပေါင်မုန့်များ ဝေငှပေးအပ်ခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်